The Republic of the Union of Myanmar

Central Bank of Myanmar

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏နောက်ခံသမိုင်း

၁။ ၁၉၄၇ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်အက်ဥပဒေဖြင့် ၃-၄-၄၈ ရက်နေ့တွင်ဗဟိုဘဏ်အဖြစ် တည်ထောင် ခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်သည် အိန္ဒိယနိုင်ငံရီဇက်ဘဏ်၏ ရန်ကုန်ဘဏ်ခွဲလုပ်ငန်းများကို လွှဲပြောင်းယူခဲ့ပါသည်။ သို့ရာတွင် ၁၉၅၂ ခုနှစ်၊ ဇူလိုင်လ ၁ ရက် နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေကို ပြဌာန်းကာ ထိုဥပဒေ အရ ပြည်ထောင်စု မြန်မာနိုင်ငံဘဏ်တည်ထောင်သောအခါ မြန်မာနိုင်ငံတွင် ငွေစက္ကူထုတ်ဝေရန် ၁၉၄၆ ခုနှစ် ငွေကြေး အက်ဥပဒေအရ ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံငွေကြေးဘုတ်အဖွဲ့ကို ဖျက်သိမ်းပြီးနောက်တွင်မှ ဗဟိုဘဏ်လုပ်ငန်းကို အပြည့်အဝဆောင်ရွက်လာနိုင်ခဲ့ပြီး၊ ရန်ကုန်မြို့ကုန်သည်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင် စတင်ဖွင့်လှစ်ခဲ့၍ လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

၂။ ၁၉၅၂ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်အက်ဥပဒေအရ ပြည်ထောင်စုဘဏ်၏ ခွင့်ပြုမတည်ငွေရင်းအား ကျပ်သန်း၄ဝ ထားရှိပြီး၊ ငွေကျပ်၁ဝသန်းကို ပြည်ထောင်စုအစိုးရမှ ထည့်ဝင်ခဲ့ပါသည်။ ၁၉၆၇ ခုနှစ်တွင် ပြည်သူ့ဘဏ် ဥပဒေပြဌာန်းပြီး၊ တစ်ခု တည်းသော ပြည်ထောင်စုမြန်မာနိုင်ငံပြည်သူ့ဘဏ်ကို နိုင်ငံတော်က အပြည့်အဝထည့်ဝင်သော မူလမတည်ရင်းနှီးငွေ ကျပ် ၂ဝဝသန်းဖြင့် တည်ထောင်ခဲ့ပါသည်။

၃။ မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စနစ်ကျင့်သုံးလာသည့် ၁၉၆၂ ခုနှစ်နောက်ပိုင်း၌ ဘဏ်များကို ပြည်သူပိုင်သိမ်းခဲ့ပြီး ၁၉၆၇ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ဘဏ် အက်ဥပဒေအရ ဘဏ်များအားစုပေါင်း၍ တစ်ခုတည်းသော ပြည်ထောင်စုမြန် မာနိုင်ငံပြည်သူ့ဘဏ်ကို ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် နိုင်ငံတော်အုပ်ချုပ်ရေး စနစ် ပြုပြင်ခဲ့ပြီး၊ ၁၉၇၅ ခုနှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ပြည့်သူ့လွှတ်တော်က ဘဏ်ဥပဒေကိုပြဌာန်းကာ၊ ပြည်သူ့ဘဏ်ကို ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်၊ မြန်မာ့စီးပွားရေး ဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ စိုက်ပျိုးရေးဘဏ်ဟူသော နိုင်ငံပိုင်ဘဏ် ၄ ဘဏ်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၅ ခုနှစ် ဘဏ်ဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်၏ မူလမတည်ငွေရင်းသည် ကျပ်သန်း ၂ဝဝ ဖြစ်ပြီး ယင်းငွေကိုနိုင်ငံတော်က အပြည့်အဝ ထည့်ဝင်ခဲ့ပါသည်။

၄။ ၁၉၈၈ ခုနှစ်မှစ၍ မြန်မာ့စီးပွားရေးစနစ်ကို စီမံကိန်းစီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေး စနစ်သို့ ပြောင်းလဲခဲ့ကာ ဈေးကွက်စီးပွားရေး မူဝါဒများနှင့်အတူ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်က ချမှတ်ကျင့်သုံးနေသော ဈေးကွက်စီးပွားရေးနှင့် ကိုက်ညီသည့် ငွေရေးကြေးရေးစနစ် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ငွေရေးကြေးရေးလုပ်ငန်း စွမ်းဆောင်မှု အရည်အသွေး မြင့်မားလာစေ ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေကို ၁၉၉ဝ ပြည့်နှစ်၊ ဇူလိုင်လ(၂)ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။ ထိုဥပဒေအရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုမတည်ငွေရင်း ကျပ်သန်းပေါင်း ၅ဝဝ အနက် ကျပ်သန်းပေါင်း ၂ဝဝ ကို နိုင်ငံတော်က ထည့်ဝင်ခဲ့ပါသည်။

၅။ ဗဟိုဘဏ်၏ ရည်မှန်းချက်မှာ ပြည်တွင်းပြည်ပတွင် မြန်မာကျပ်ငွေတန်ဖိုး တည်တံ့ခိုင်မြဲစေရန် ဖြစ်ပါသည်။ ဗဟိုဘဏ်သည် ထိရောက်သော ငွေပေးချေမှုစနစ်များ၊ ငွေကြေးလွယ်ကူမှု၊ ကြွေးမြီပေးဆပ်နိုင်မှုတို့ ကောင်းမွန်ပြီး၊ ခိုင်မာသောငွေရေးကြေးရေးစနစ်တစ်ရပ်ဖြင့် နည်းလမ်းတကျ ဆောင်ရွက်ရန် ရည်မှန်းချက်များဖြင့် အစီအစဉ်တကျ၊ ဟန်ချက်ညီညီ၊ ရှင်သန်သော စီးပွားရေးဖွံ့ဖြိုးမှုအတွက်ငွေကြေး၊ ချေးငွေနှင့် ငွေရေးကြေးရေး အခြေအနေများကို ကြိုးပမ်း ဆောင်ရွက်မည် ဖြစ်ပါသည်။

၆။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ အဓိကလုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) ပြည်တွင်းသုံးစွဲငွေကို တစ်ဦးတည်းထုတ်ဝေသူအဖြစ် ဆောင်ရွက်ရန်နှင့် အစိုးရ၏ ဘဏ်အဖြစ် ဆောင် ရွက်ရန်၊
(ခ) စီးပွားရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ အစိုးရ၏အကြံပေးအဖြစ်ဆောင်ရွက်ရန်၊
(ဂ) ငွေရေးကြေးရေးအဖွဲ့အစည်းများအား ကြီးကြပ်စစ်ဆေးရန်နှင့် ကြပ်မတ်ကွပ်ကဲရန်၊
(ဃ) ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ ဘဏ်အဖြစ်ဆောင်ရွက်ရန်၊
(င) နိုင်ငံတော်၏ နိုင်ငံခြားသုံးငွေကို စီမံခန့့်ခွဲရန်၊ နိုင်ငံတကာအစိုးရအဖွဲ့အစည်းများတွင် နိုင်ငံတော်၏ ပါဝင်ဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာသော အပေးအယူပြုလုပ်မှုများကို ဆောင်ရွက်ရန်နှင့် တာဝန် ဝတ္တရားအားလုံးကို အစိုးရအမည်ဖြင့် တာဝန်ခံဆောင်ရွက်ပြီး၊ အစိုးရကိုယ်စား အဆိုပါအဖွဲ့အစည်းများ နှင့်ဆက်သွယ်ဆောင်ရွက်ရန်။

၇။ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်တွင် ၁-၄-၇၆ ရက်နေ့ ၌ အရာထမ်း ၈၅ ဦး၊ အမှုထမ်း ၈၄၅ ဦး၊ စုစုပေါင်း ဝန်ထမ်း ၉၃ဝ ဦး ရှိခဲ့ပါသည်။ ၁၉၈၁ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် နိုင်ငံတော်ကောင်စီက အရာထမ်း ၁ဝဝ ဦး၊ အမှုထမ်း ၁၂၃၃ ဦး၊ စုစုပေါင်း ဝန်ထမ်း ၁၃၃၃ ဦးသို့ ဖွဲ့စည်းပုံတိုးချဲ့ ပေးခဲ့ပါသည်။ လုပ်ငန်းများပြားလာရာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က ၂၈-၁၂-၈၉ ရက်နေ့တွင် အရာထမ်း ၁၅၁ ဦး၊ အမှုထမ်း ၁၅ဝ၅ ဦး၊ စုစုပေါင်းဝန်ထမ်း ၁၆၅၆ ဦး ရှိဖွဲ့စည်းပုံကို ခွင့်ပြုခဲ့ပြီး၊ စီမံခန့်ခွဲရေးဌာန၊ ငွေကြေးဌာန၊ စာရင်းဌာန၊ ဘဏ်တွင်းစာရင်းစစ်နှင့် ဘဏ်လုပ်ငန်းများ ကြီးကြပ်စစ်ဆေးရေးဌာန၊ သုတေသနနှင့်အလုပ်သင်ကြားရေးဌာနနှင့် လုံခြုံရေးဌာနဟူသော ဌာနကြီး ၆ ခုဖြင့် ဆောင် ရွက်ခဲ့ပါသည်။

၈။ နိုင်ငံတော်တွင် နိုင်ငံပိုင်ကဏ္ဍသာမက ပုဂ္ဂလိကကဏ္ဍမှ နိုင်ငံခြားသုံးငွေသုံးစွဲမှုများကိုပါ စီမံခန့်ခွဲရန် လိုအပ် လာသောကြောင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၃-၁၂-၁၉၉၂ ရက်နေ့၊ ခွင့်ပြုချက်အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်တွင် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာနကို ဖွင့်လှစ်ကာ နိုင်ငံခြားငွေစီမံခန့်ခွဲမှု လုပ်ငန်းများကို မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်ထံမှ လွှဲပြောင်းလက်ခံ ဆောင်ရွက်ခဲ့ပါသည်။

၉။ ၁၉၉၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်၊ စက်မှုလမ်းအမှတ် (၂၆) သို့ ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဈေးကွက်စီးပွားရေးစနစ်နိုင်ငံများမှ ဗဟိုဘဏ်များကဲ့သို့ပင် ဘဏ် လုပ်ငန်းဆိုင်ရာမူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများကို စိစစ်ချမှတ်သည့် လုပ်ငန်း ဆောင်ရွက်ရန်အတွက် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ တာဝန်ပေးအပ်ချက်အရ ၁-၁-၂ဝဝ၁ ရက်နေ့တွင် ဘဏ်လုပ်ငန်းစိစစ်ရေးဌာနကို ဖွင့်လှစ်ခဲ့ပါသည်။

၁ဝ။ ထို့နောက် ၂၆-၁-၂ဝဝ၆ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးချုုပ်အား နေပြည်တော်ရှိ ရုံးအမှတ် ၂၆ နေရာသို့ ယာယီပြောင်းရွှေ့ခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဖွဲ့စည်းပုံကို နေပြည်တော် ရုံးချုုပ်၊ ရန်ကုန်ဘဏ်ခွဲနှင့် မန္တလေးဘဏ်ခွဲအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ကာ၊ အရာထမ်း ၁၈၁ ဦး၊ အမှုထမ်း ၁၃၄၁ ဦး၊ စုစုပေါင်းဝန်ထမ်းအင်အား ၁၅၂၂ ဦးဖြင့် ဖွဲ့စည်းပုံ တိုးချဲ့ ပြင်ဆင်ခဲ့ပါသည်။ ၂-၁ဝ-၂ဝ၁ဝ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံးချုုပ်အား ရုံးအမှတ် ၅၅ သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။ လက်ရှိ အခြေအနေတွင် အောက်ဖော်ပြပါဌာနကြီး ၉ ခုဖြင့် ဗဟိုဘဏ်၏ လုပ်ငန်း တာဝန်များကို ဆောင်ရွက်လျက်ရှိပါသည်-
(က) စီမံခန့်ခွဲရေးဌာန
(ခ) ငွေကြေးဌာန
(ဂ) ဘဏ်တွင်းစာရင်းစစ်နှင့် ဘဏ်လုပ်ငန်းများကြီးကြပ်စစ်ဆေးရေးဌာန
(ဃ) စာရင်းဌာန
(င) သုတေသနနှင့်အလုပ်သင်ကြားရေးဌာန
(စ) လုံခြုံရေးဌာန
(ဆ) နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန
(ဇ) ဘဏ်လုပ်ငန်းစိစစ်ရေးဌာန
(ဈ) မန္တလေးဘဏ်ခွဲ

၁၁။ ငွေအကြွေနှင့် ငွေစက္ကူကိုင်တွယ်သုံးစွဲရာတွင် အဆင်ပြေလွယ်ကူစေရန် မြန်မာနိုင်ငံတော်ဗဟို ဘဏ်သည် ၁၉၉ဝခုနှစ်မှ ၂ဝဝဝပြည့်နှစ်အထိ ၁ဝပြား၊ ၂၅ပြား၊ ၅ဝပြား၊ ၁ိ/-၊ ၅ိ/-၊ ၁ဝိ/- တန် ငွေအကြွေများ၊ ၅ဝိ/-တန်နှင့် ၁ဝဝိ/-တန်ငွေဒင်္ဂါးများကိုလည်းကောင်း၊ ငွေစက္ကူများနှင့်ပတ်သက်၍ ဗိုလ်ချုပ်ပုံပါ ၁ိ/-တန်ကိုလည်းကောင်း၊ မြန်မာ့တူရိယာေ စာင်းရုပ်ပုံပါ ၅ဝ ပြားတန်ငွေစက္ကူနှင့် ကေသရာဇာခြင်္သေ့မင်းရုပ်ပုံပါ ၁ိ/-၊ ၅ိ/-၊ ၁ဝိ/-၊ ၂ဝိ/-၊ ၅ဝိ/-၊ ၁ဝဝိ/-၊ ၂ဝဝိ/-၊ ၅ဝဝိ/- နှင့် ၁ဝဝဝိ/-တန် တို့ကိုလည်းကောင်း၊ ဆင်ဖြူတော်ရုပ်ပုံပါ ၅ဝဝဝိ/-တန်ငွေစက္ကူသစ်ကို ၁-၁ဝ-၂ဝဝ၉ ရက်နေ့တွင် လည်းကောင်း နိုင်ငံတကာအဆင့်မီ ထုတ်ဝေခဲ့ပါသည်။

၁၂။ ပြည်တွင်း၌လှည့်လှည်သုံးစွဲရန် မသင့်တော်သော ဟောင်းနွမ်း၊ စုတ်ပြဲ၊ ချို့ယွင်းငွေစက္ကူများကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပြန်လည်သိမ်းဆည်းပြီး၊ ချို့ယွင်းငွေစက္ကူများအား ကုန်ကြမ်းအဖြစ် အသုံးပြု၍ စက္ကူထုတ်လုပ်ရန်အတွက် စက္ကူစက်ရုံကို ပလိပ်မြို့၌ ၂၄-၃-၂ဝဝ၂ ရက်နေ့တွင် လည်းကောင်း၊ ရန်ကုန်တိုင်း ရွှေပြည်သာစက်မှုဇုန်၌ ၂၅-၁၂-၂ဝဝ၃ ရက်နေ့တွင်လည်းကောင်း တည် ဆောက်ခဲ့ပါသည်။

၁၃။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်း၌ နိုင်ငံခြားငွေကိုင်တွယ်သုံးစွဲမှု အဆင်ပြေစေရန်နှင့် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော ကမ္ဘာလှည့်ခရီးသည်များ အလွယ်တကူသုံးစွဲနိုင်ရန် ရည်ရွယ်၍ ၄-၂-၁၉၉၃ ရက်နေ့တွင် နိုင်ငံခြားငွေလက်မှတ် (Foreign Exchange Certificate) ၁ ယူနစ်၊ ၅ ယူနစ်၊ ၁ဝ ယူနစ်နှင့် ၁၉၉၆ ခုနှစ်တွင် ၂ဝ ယူနစ် နိုင်ငံခြားငွေလက်မှတ်များ ထုတ်ဝေခဲ့ပါသည်။ နိုင်ငံခြားငွေလက်မှတ်ကို မည်သူမဆိုကိုင်တွယ်အသုံးပြုနိုင်ပြီး နိုင်ငံခြား ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရှိသည့် နိုင်ငံပိုင်ဘဏ်များတွင်လည်း နိုင်ငံခြားငွေလက်မှတ်ဖြင့် နိုင်ငံခြားသုံးငွေစာရင်း ဖွင့်ခွင့် ရှိပါသည်။

၁၄။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၁၅-၁-၁၉၉၁ ရက်နေ့မှစတင်၍ ရွှေဒင်္ဂါးများအား တစ်ကျပ် သား၊ ငါးမူးသား၊ တစ်မတ်သားတို့ဖြင့်လည်းကောင်း၊ ၂၁-၉-၂ဝဝ၅ရက်နေ့မှစတင်၍ တစ်ကျပ်သား၊ ငါးမူးသား၊ တစ်မတ်သားတို့ဖြင့် လည်းကောင်း၊ ၈-၁၁-၂ဝ၁ဝ ရက်နေ့မှ စတင်၍ ငါးကျပ်သား၊ တစ်ဆယ်ကျပ်သား၊ နှစ်ဆယ်ကျပ်သားတို့ဖြင့်လည်းကောင်း ထုတ်ဝေခဲ့ပြီး နေ့စဉ်ရွှေဈေးနှုန်းအပေါ် မူတည်၍ မြန်မာကျပ်ငွေဖြင့် သတ်မှတ်ရောင်းချခဲ့ပါသည်။

၁၅။ ၁၉၉၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေအရ ဘဏ်လုပ်ငန်းလိုင်စင်များကို စိစစ် ထုတ်ပေးခဲ့ရာ ၂ဝဝ၄ ခုနှစ်တွင် ပြည်တွင်းပုဂ္ဂလိကဘဏ် ၂၃ ဘဏ်ရှိလာခဲ့ပါသည်။ ၂ဝ၁ဝပြည့်နှစ် နိုဝင်ဘာလ၂၆ရက်နေ့အထိ ပြည်တွင်း ပုဂ္ဂလိကဘဏ်(၁၉)ဘဏ်သို့ လိုင်စင်ထုတ်ပေးထားပြီး ၎င်းဘဏ်များအနေဖြင့် ပြည်တွင်းကူးသန်းရောင်းဝယ်ရေးဘဏ် လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိပါသည်။ ဘဏ်ခွဲစုစုပေါင်း၂၆၃ ဘဏ်ကို ဖွင့်လှစ်ထားပြီးဖြစ်ပါသည်။ ၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၃ဝ ရက်နေ့ စာရင်းအရမြန်မာနိုင်ငံတွင် ပုဂ္ဂလိကဘဏ် ၁၉ ဘဏ် ရှိပါသည်။

၁၆။ ၁၉၉၃ ခုနှစ်မှ ၂ဝ၁ဝ ပြည့်နှစ်အထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ခွင့်ပြုခဲ့သော နိုင်ငံခြားဘဏ်များ၏ ကိုယ်စားလှယ်ရုံးပေါင်း ၅ဝ ရုံးရှိခဲ့ပါသည်။ ၁၉၉၇ ခုနှစ် အာရှငွေရေးကြေးရေး အကျပ်အတည်းဖြစ်ပေါ်ခဲ့ပြီးနောက် နိုင်ငံခြားဘဏ် ၃၈ ဘဏ်သည် ကိုယ်စားလှယ်ရုံးများ ပိတ်သိမ်းခဲ့ပါ သည်။ ၂ဝ၁ဝ ပြည့်နှစ် နိုဝင်ဘာလကုန်အထိ စင်ကာပူနိုင်ငံမှ (၄) ဘဏ်၊ မလေးရှားနိုင်ငံနှင့် ဂျပန် နိုင်ငံမှ (၂)ဘဏ်စီ၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဘရူနိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ (၁) ဘဏ်စီ ဖြင့် စုစုပေါင်း နိုင်ငံခြားဘဏ် (၁၃) ဘဏ်၏ ကိုယ်စားလှယ်ရုံးများ မြန်မာနိုင်ငံတွင် လာရောက် ဖွင့်လှစ်ထားပါသည်။

၁၇။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပုဂ္ဂလိကဘဏ်များ ငွေရေးကြေးရေး ခိုင်မာမှုရှိစေရန် ကြီးကြပ်စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ကိုလည်း စိစစ်ဆောင်ရွက်လျက် ရှိပါသည်။ ပြည်တွင်းပုဂ္ဂလိကဘဏ်များ၏ နေ့စဉ်စာရင်းဇယားများကို ပေးပို့စေ၍ ဘဏ်များ၏ နေ့စဉ် ဘဏ္ဍာရေးအခြေအနေနှင့် အပတ်စဉ်၊ လစဉ် ဘဏ္ဍာရေးအခြေအနေများကို ဘဏ္ဍာရေးနှင့်အခွန် ဝန်ကြီးဌာနသို့ တင်ပြလျက်ရှိပါသည်။

၁၈။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂ဝဝ၂ခုနှစ်တွင် ပြဌာန်းခဲ့သည် တရားမဝင်သောနည်းလမ်းဖြင့် ရရှိသည့် ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေးဥပဒေကို ဘဏ်များက ထိရောက်စွာ လိုက်နာ ဆောင်ရွက်နိုင်စေရန် စည်းမျဉ်းများ၊ လမ်းညွှန်ချက်များနှင့် ညွှန်ကြားချက်များကို ထုတ်ပြန်ခဲ့ပါသည်။ ထုတ်ပြန်ခဲ့သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုအား ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ စည်းမျဉ်းများတွင် ဘဏ်ဖောက်သည်၏ သတင်းအချက်အလက်များအား ဝီရိယပြုရယူ စိစစ်ခြင်း၊ မှတ်တမ်းပြုစုထိန်းသိမ်းခြင်းနှင့် သံသယဖြစ်ဖွယ်ငွေကြေးလွှဲပြောင်းမှုများနှင့် သတ်မှတ်ပမာဏနှင့် အထက် ကျော်လွန်သည့် ငွေကြေးလွှဲပြောင်းမှုသတင်းပေးပို့ခြင်း လိုအပ်ချက်တို့ အကျုံးဝင်ပါသည်။

၁၉။ မြန်မာနိုင်ငံသည် အကြမ်းဖက်သမားများအား ငွေကြေးထောက်ပံ့မှု ဆောင်ရွက်ချက်များ ကာကွယ်ထိန်းချုပ်မှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၂၆၇နှင့် ၁၃၇၃အား အကောင်အထည်ဖော်လျက် ရှိပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ကုလသမဂ္ဂမှ ထုတ်ပြန်သည့် စာရင်းဝင်များနှင့် ရရန်ပိုင်ခွင့်များကို ထိန်းချုပ်ထားရန်နှင့် သံသယရှိသော အကြမ်းဖက်သမားများနှင့် အကြမ်းဖက်အဖွဲ့အစည်း၏ စာရင်းလွှဲပြောင်းမှုများကို တားမြစ်ရန်၊ ဘဏ်နှင့် ငွေရေး ကြေးရေး အဖွဲ့အစည်းများသို့ ညွှန်ကြားချက်များ ထုတ်ပြန်လျက်ရှိပါသည်။

၂ဝ။ ၁၉၆၁ ခုနှစ်မှ ၁၉၈၉ ခုနှစ်အထိ ဗဟိုဘဏ်အတိုးနှုန်းကို ၄ရာခိုင်နှုန်းသတ်မှတ်ခဲ့ရာမှ ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးလာသည့်အခါ အတိုးနှုန်းများကို နိုင်ငံတော်၏ စီးပွားရေး အခြေ အနေနှင့် လိုက်လျောညီထွေရှိစေရန် ၁၉၈၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှစ၍ တိုးမြှင့်ခြင်း၊ ပြင်ဆင်ခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်သူများ ငွေကြေး စုဆောင်းမှု အခွင့်အလမ်းများ ပိုမိုရရှိလာပြီး အရင်းအနှီးဈေးကွက်ပေါ်ထွန်းလာရေးအတွက် အစိုးရ ကိုယ်စား ၃ နှစ်နှင့် ၅ နှစ်သက်တမ်းရှိ ကျပ်တစ်သောင်းတန်နှင့် ကျပ်တစ်သိန်းတန် အစိုးရ ငွေတိုက်စာချုုပ်များကို ရန်ကုန်မြို့တွင် ၁၉၉၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ လည်းကောင်း၊ မန္တလေးမြို့တွင် ၁၉၉၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ လည်းကောင်း ထုတ်ဝေရောင်းချခဲ့ပါသည်။ ၃ နှစ် သက်တမ်းရှိ ကျပ်တစ်သန်းတန် အစိုးရငွေတိုက် စာချုပ်များကို ၁၉၉၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ စ၍ လည်းကောင်း၊ ၅ နှစ်သက်တမ်းရှိ ကျပ်တစ်သန်းတန် အစိုးရငွေတိုက်စာချုုပ်ကို ၁၉၉၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင်လည်းကောင်း ထုတ်ဝေ ရောင်းချခဲ့ပါသည်။ ၂ဝ၁ဝ ပြည့်နှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ၂ နှစ် သက်တမ်းရှိ အစိုးရငွေတိုက်စာချုပ်များနှင့် ကျပ်၁ဝသန်းတန် ငွေတိုက် စာချုပ်များကို တိုးချဲ့ထုတ်ဝေ ရောင်းချခဲ့ပါ သည်။ ၂ နှစ်ငွေတိုက် စာချုပ်၊ ၃ နှစ်ငွေတိုက်စာချုပ်၊ ၅ နှစ်ငွေတိုက်စာချုပ်တို့အပေါ်ပေးသည့် အတိုးနှုန်းများမှာ ၁ နှစ်လျှင် ၁ဝ.၅%၊ ၁၁%နှင့် ၁၁.၅% အသီးသီးဖြစ်ပါသည်။ ၂ဝ၁ဝ ပြည့်နှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ အစိုးရငွေတိုက် စာချုပ် စုစုပေါင်း ကျပ်သန်းပေါင်း ၁,၄၈၃,၅၃၃.၄၈သန်း ထုတ်ဝေရောင်းချခဲ့ပါသည်။

၂၁။ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှစ၍ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့၏ အဖွဲ့ဝင် ဖြစ်လာ ခဲ့ပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ အာဆီယံအဖွဲ့၏ ညီညွတ်မှု၊ စီးပွားရေးနှင့် နိုင်ငံရေးတည်ငြိမ်မှုအတွက် လည်းကောင်း၊ ငွေရေးကြေးရေးကဏ္ဍတွင်လည်းကောင်း ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် သည် အာဆီယံဗဟိုဘဏ်များ ဆွေးနွေးမှုဖိုရမ် အဖွဲ့ (ASEAN Central Bank Forum) တွင် ပါဝင်ခဲ့ပါသည်။

၂၂။ နိုင်ငံတော်ကိုထူထောင်ရာတွင် အဓိကကျသောလယ်ယာကဏ္ဍ၊ စက်မှုကဏ္ဍနှင့် ကုန်သွယ်မှုကဏ္ဍတို့ကို ဖွံ့ဖြိုး တိုးတက်စေရေးအတွက် နိုင်ငံတော်က ချမှတ်ဆောင်ရွက်လျက်ရှိသည့် မူဝါဒ လမ်းညွှန်ချက်များကို အထောက်အကူ ပြုနိုင်ရန် ပြည်တွင်းပြည်ပတွင် မြန်မာကျပ်ငွေတန်ဖိုး ပိုမို တည်တံ့ခိုင်မာရေးအတွက် ချမှတ်ထားသော မူဝါဒဘောင် အတွင်းမှ ဘဏ်များအချင်းချင်း ပူးပေါင်း ညှိနှိုင်းဆောင်ရွက်ရန် ဘဏ်တစ်ခုနှင့်တစ်ခု ကူညီရိုင်းပင်းရန်၊ ဘဏ်များ၏ အကျိုးကို ပံ့ပိုးဆောင်ရွက်ပေးရေးကို ဦးဆောင်မှုပေးရန်နှင့် ပြည်သူများကဘဏ်များနှင့် ဘဏ်ဝန်ဆောင်မှုများကို အားကိုး သည့် အလေ့အထများ ပေါ်ထွန်းလာစေရန် ၁၉၉၉ ခုနှစ်၊ ဧပြီလ၁ရက်နေ့တွင် ကုန်သွယ်မှုမူဝါဒကောင်စီ အစည်းအဝေး အမှတ်စဉ် ၄/၉၉ ဆုံးဖြတ်ချက်အရ မြန်မာနိုင်ငံဘဏ်များအသင်းကို စတင်တည်ထောင် ခဲ့ပါသည်။ မြန်မာနိုင်ငံဘဏ်များ အသင်းသည် လစဉ် ပုံမှန်အစည်းအဝေးများကျင်းပရန် ဘဏ်လုပ်ငန်းဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်းပါသည်။ လိုအပ်ပါက အရေးပေါ်အစည်းအဝေးများ ကျင်းပ ပါသည်။

၂၃။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ရသော မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်တို့နှင့် ပြည်ပရှိ နိုင်ငံခြားဘဏ်များအကြား နိုင်ငံခြားငွေစာရင်းများ လွှဲပြောင်းပေးပို့ရာတွင် ၂ဝဝ၄ခုနှစ် မတ်လမှစတင်၍ Society For Worldwide Interbank Financial Telecommunication (SWIFT) စနစ်သုံး၍ ဆောင်ရွက်ခဲ့ပါသည်။

၂၄။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များ၏ ရုံးချုပ်များအကြား ဘဏ်လုပ်ငန်း ဆက်သွယ်ရေးကွန်ယက်ကို ၂ဝဝ၈ခုနှစ်၊ ဇန်နဝါရီလမှစ၍ အဆင့်ဆင့် တည်ဆောက်ခဲ့ပါသည်။ အဆိုပါ ဘဏ်ဆက်သွယ် ရေးကွန်ယက်ဖြင့် Banking Network အဖွဲ့ဘဏ်များအကြား ရုံးစာနှင့်စာရင်းများကို On-line ဖြင့်အပြန်အလှန်ပေးပို့ ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါကွန်ယက်ကို အသုံးပြု၍ ဘဏ်များ၏ ငွေရေးကြေးရေးတည်ငြိမ်မှုကို ဗဟိုဘဏ်မှ စောင့် ကြည့်ပြီး ကြိုတင်သတိပေး စနစ် (Early Warning System) လုပ်ငန်းကိုလည်းကောင်း၊ အီလက်ထရောနစ်နည်းပညာဖြင့် ဘဏ်အချင်းချင်း ငွေလွှဲများကို ပြောင်းခြင်း (Electronic Fund Transfer) လုပ်ငန်းကိုလည်းကောင်း၊ ဗဟိုဘဏ်နှင့် ဘဏ်များအကြား အလိုအလျောက်ချက်လက်မှတ်များ စာရင်းရှင်းလင်းခြင်း လုပ်ငန်းကိုလည်းကောင်း တစ်ဆင့်ပြီး တစ်ဆင့် ဆောင်ရွက်လျက်ရှိပါသည်။ နိုင်ငံတော်ငွေပေးချေမှုစနစ်တွင် လုံခြုံစိတ်ချ မြန်ဆန်မြင့်မားစေရန် Certified Cheque ကို ၂ဝဝ၈ခုနှစ်ဇန်နဝါရီလမှ စတင်အသုံးပြုစေ ခဲ့ပါသည်။

၂၅။ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဝန်ကြီးဦးဆောင်သော အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက် ရေးကော်မတီကို ၁-၇-၂ဝဝ၈ ရက်နေ့တွင် လည်းကောင်း၊ ပြည်တွင်းငွေချေးစာချုပ်ဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေး ဆပ်ကော်မတီ၊ အများနှင့် သက်ဆိုင်သောကုမ္ပဏီများ ဖွံံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၊ ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေစည်းမျဉ်းစည်းကမ်းများပြုစုရေးဆပ်ကော်မတီ၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းဆိုင်ရာအဖွဲ့အစည်းများ ဖွဲ့စည်း ရေးဆပ်ကော်မတီ၊ လေ့ကျင့်ပညာပေးရေးနှင့် ပြန်ကြားရေးဆပ်ကော်မတီ၊ စာရင်းကိုင်နှင့်စာရင်းစစ်များဆိုင်ရာ ဆပ် ကော်မတီဟူသော ဆပ်ကော်မတီ ၆ခု ကို ၁၉-၈-၂ဝဝ၈ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပါသည်။

၂၆။ မြန်မာနိုင်ငံတွင်အရင်းအနှီးဈေးကွက်ဖွံံ့ဖြိုးရေးအတွက် လမ်းပြမြေပုံချမှတ်ပြီး အဆင့်၃ဆင့်ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။ ထို့ပြင်ငွေတိုက်စာချုုပ်များကို ဗဟိုဘဏ်ကိုယ်စား မြန်မာ့စီးပွားရေးဘဏ် နှင့် မြန်မာ့ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီတို့အား ရောင်းချစေခဲ့ပါသည်။ ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ် ရေး ဥပဒေမူကြမ်းကို အပြီးသတ်ရေးဆွဲလျက် ရှိပါသည်။

၂၇။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု တိုးတက်မှုနှုန်းများကို လိုက်လျောညီထွေ ဖြစ်စေမည့် ငွေကြေးမူဝါဒကိုချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ ယခုလက်ရှိ ကာလတွင် ငွေကြေးဖောင်းပွမှုကိုထိန်းသိမ်းရန်ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အဓိကငွေကြေးမူဝါဒများအဖြစ် သီးသန့် ငွေလိုအပ်ချက်၊ အတိုးနှုန်းမူဝါဒနှင့် ငွေကြေးဈေးကွက်တွင် ငွေချေးစာချုုပ်များကိုရောင်းဝယ်ခြင်း စသောနည်းလမ်းများကို အသုံးပြုကာ၊ မြန်မာနိုင်ငံ၏ ပြောင်းလဲလာသော ဈေးကွက်စီးပွားရေးစနစ်နှင့်ကိုက်ညီသည့် ငွေရေးကြေးရေးကဏ္ဍကို တည်ငြိမ်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

MMK per USD - Date 2nd December 2021

Reference Exchange Rate

1785.0

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

Interest Rate(%)
Central Bank Rate 7%pa
Minimum Bank Deposit Rate 5%pa

Maximum Bank Lending Rate (Secured)

Maximum Bank Lending Rate (Unsecured)

10%pa

 

14.5%pa

Economic Indicators (%)
GDP Growth Rate
2019-2020 FY
3.20 %
Annual Rate of Inflation
(February 2021)
2.61 %
Year on Year Inflation
(February 2021)
1.51 %

    Source :

    Ministry of Planning, Finance and Industry