ဘဏ်မဟုတ်သောကုမ္ပဏီအဖွဲ့အစည်းများသို့ Money Changer Licence များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က စိစစ်ခွင့်ပြုထုတ်ပေးရာတွင် ဆောင်ရွက်သော လုပ်ငန်းစဉ်များ
- ကုမ္ပဏီများက M.C Licence လျှောက်ထားရာတွင် ပူးတွဲ(၁)ပါ အချက်အလက် အထောက်အထားများနှင့် ကိုက်ညီမှု ရှိ/မရှိကို မူရင်းစာရွက်စာတမ်း အထောက်အထားများနှင့် တိုက်ဆိုင်စစ်ဆေးပါသည်။
- အချက်အလက်များနှင့်ကိုက်ညီမှုရှိပါက ညွှန်ကြားရေးမှူးချုပ်ထံ ဆက်လက်တင်ပြ၍ CBM 03 Form ထုတ်ပေးပါသည်။
- လျှောက်ထားသူ မန်နေဂျင်းဒါရိုက်တာ (သို့) ဒါရိုက်တာက CBM 03 Form တွင် အချက်အလက်များအား ဖြည့်စွက်တင်ပြလာပါက ပြည့်စုံမှု ရှိ/မရှိ စိစစ်၍ အမှုတွဲအား လက်ခံထားပါသည်။
- လျှောက်ထားသောကုမ္ပဏီအမည်၊ MD အမည်၊ လုပ်ငန်းလိပ်စာ၊ နေရပ်လိပ်စာတို့အား ဖြည့်စွက်၍ လျှောက်ထားသူအား ပြစ်မှုကင်းရှင်းကြောင်း စိစစ်နိုင်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ နေပြည်တော်သို့ ပေးပို့ပါသည်။
- အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနထံမှ ပြစ်မှုကင်းရှင်းကြောင်း စိစစ်ပြန်ကြားစာရပါက M.C Licence လျှောက်ထားသောကုမ္ပဏီအား ကောင်တာပြင်ဆင်ခွင့် အကြောင်းကြားစာ ပေးပို့ပါသည်။
- ကုမ္ပဏီထံမှ ကောင်တာပြင်ဆင်ပြီးစီးကြောင်း အထောက်အထား ဓာတ်ပုံများနှင့် ပြန်လည်တင်ပြလာပါက ကုမ္ပဏီ၏ Money Changer ကောင်တာအား စိစစ်မှုပြုလုပ်ပေးနိုင်ရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ သတင်းနှင့်လုံခြုံရေးဌာနသို့ အကြောင်းကြားစာပေးပို့ပါသည်။
- သတင်းနှင့်လုံခြုံရေးဌာနထံမှ စိစစ်ချက်၊ အကြံပြုချက်များအား လိုက်နာဆောင်ရွက်ပြီးပါက M.C Licence ကနဦးကြေး ကျပ် ၁,၀၀၀,၀၀၀/- အား Pay-in-slip တွင်ဖြည့်စွက်ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၊ ငွေကြေးလုပ်ငန်းစီမံခန့်ခွဲမှုဌာနသို့ သွားရောက်ပေးသွင်းခြင်းဖြစ်စေ၊ ဘဏ်များမှတဆင့် စာရင်းပြောင်းနည်း(Account Transfer) ဖြင့်ဖြစ်စေပေးသွင်းပြီးပါက M.C Licence ကတ်ပြား ထုတ်ပေးပါသည်။
ဘဏ်မဟုတ်သောကုမ္ပဏီအဖွဲ့အစည်းများက Money Changer လိုင်စင်လျှောက်ထားရာတွင် ပူးတွဲ တင်ပြရမည့် အထောက်အထားများ
- ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ လိပ်မူ၍ ကုမ္ပဏီ၏ Letter Head ဖြင့် ကိုယ်တိုင်ရေးလျှောက်လွှာ
- လျှောက်ထားသူ၏ မှတ်ပုံတင်လက်မှတ် မူရင်းနှင့် မိတ္တူ
- လျှောက်ထားသူသည် ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်မူရင်း
- Money Changer အတွက် တည်ထောင်ထားသော ကုမ္ပဏီနှင့်စပ်လျဉ်း၍ MyCo တွင် Online ဖြင့် မှတ်ပုံတင်ထားသည့် Company Extract နှင့် ကုမ္ပဏီ၏ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း
- Company Extract တွင် ပါဝင်သော ဒါရိုက်တာအဖွဲ့ဝင်အားလုံး၏ ကိုယ်ရေးအကျဉ်း၊ ဓာတ်ပုံ နှင့် မှတ်ပုံတင်မိတ္တူ
- AD လိုင်စင်ရ ဘဏ်တစ်ခုခုတွင် ကုမ္ပဏီအမည်ဖြင့် ကနဦးမတည်ရင်းနှီးငွေ အနည်းဆုံး ကျပ် ၃၀ သန်း ထည့်ဝင်ထားသည့် Bank Statement မူရင်း
- AD လိုင်စင်ရဘဏ်တစ်ခုခုတွင် ကုမ္ပဏီအမည်ဖြင့် နိုင်ငံခြားငွေစာရင်းဖွင့်ထားသည့် ဘဏ်စာအုပ် မူရင်းနှင့် မိတ္တူ
- နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေနှင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေတို့ကို သိရှိနားလည် ၍ ယင်းဥပဒေများအတိုင်း လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုစာ၊
- လုပ်ငန်းစီမံချက်
- Money Changer လိုင်စင်လျှောက်ထားလိုခြင်းအတွက် ဒါရိုက်တာအဖွဲ့အစည်းအဝေး ဆုံးဖြတ်ချက်မူရင်း
- လျှောက်ထားသူကိုယ်တိုင် မလာရောက်နိုင်ပါက ကိုယ်စားလှယ်လွှဲစာ၊ ကိုယ်စားလှယ်၏ မှတ်ပုံတင်မိတ္တူ