အာရှဗဟိုဘဏ်များငွေစာရင်းရှင်းလင်းရေးအဖွဲ့(အေစီယူ)ကို အာရှနှင့် ပစိဖိတ်ဒေသ ဆိုင်ရာ ကုလသမဂ္ဂ၏ စီးပွားရေးနှင့်လူမှုရေးကော်မရှင်အဖွဲ့၏ ကမကထပြုမှုဖြင့် ဖွဲ့စည်းတည် ထောင်ခဲ့ပါသည်။ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလတွင် အိန္ဒိယ၊ အီရန်၊ နီပေါ၊ ပါကစ္စတန်နှင့် သီရိလင်္ကာနိုင်ငံတို့၏ ဗဟိုဘဏ်အကြီးအကဲများက လက်မှတ်ရေးထိုးခဲ့ပါသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် သဘောတူညီချက်ကို ဆဌမမြောက်နှင့်သတ္တမမြောက်လက်မှတ်ရေးထိုး သူများဖြစ်ပါသည်။ ဘူတန်နိုင်ငံသည် ၁၉၉၉ ခုနှစ်တွင်လည်းကောင်း၊ မော်လဒိုက်နိုင်ငံ သည် ၂၀၀၉ ခုနှစ်တွင် လည်းကောင်း သဘောတူစာချုပ်ကို အသီးသီး လက်မှတ်ရေးထိုး ခဲ့ပါသည်။ ယခုအခါ အဖွဲ့ဝင် (၉)နိုင်ငံရှိပြီး၊ ၎င်းတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘူတန်နိုင်ငံ ၊ အိန္ဒိယ၊ အီရန်၊ မြန်မာ၊ နီပေါ၊ ပါကစ္စတန်၊ သီရိလင်္ကာ နှင့် မော်လဒိုက်နိုင်ငံတို့ ဖြစ်ကြပါသည်။
အာရှဗဟိုဘဏ်များငွေစာရင်းရှင်းလင်းရေးအဖွဲ့သည် လုပ်ငန်းများကို ၁၉၇၅ ခုနှစ်၊ နိုဝင်ဘာလတွင်စတင် ဆောင်ရွက်ခဲ့ပြီး၊ ရုံးချုပ်မှာ အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ တည်ရှိပါသည်။ မြန်မာနိုင်ငံသည် အေစီယူသို့ ၁၉၇၇ ခုနှစ်၊ ဇန်နဝါရီလ (၁၃)ရက်နေ့တွင် စတင်ဝင်ရောက် ခဲ့ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် အေစီယူဒါရိုက်တာအဖွဲ့၏ ဒါရိုက်တာနှင့် အလှည့်ကျ ဒါရိုက်တာများဖြစ်ကြပြီး၊ စာရင်းဌာနမှ ဌာနကြီးမှူးသည် အေစီယူ၏ တာဝန်ခံအရာရှိအဖြစ်ဆောင် ရွက်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်း ဝယ်ရေးဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ ကမ္ဘောဇဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ သမဝါယမဘဏ်နှင့် ဧရာဝတီဘဏ်တို့ကို အေစီယူငွေပေးချေမှုများ ဆောင်ရွက်ပေးသည့် ဘဏ်များအဖြစ် သတ်မှတ်ထားပါသည်။
ရည်ရွယ်ချက်များ
အေစီယူကို တည်ထောင်ရခြင်း၏ ရည်ရွယ်ချက်များမှာ အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံတကာငွေပေးချေမှုများ တွင် ချောမောလွယ်ကူနိုင်ရန်၊ အဖွဲ့ဝင်နိုင်ငံများ၏ ငွေကြေးသုံးစွဲမှုကို အထောက်အကူပြုရန်၊ အဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားသုံးသီးသန့် ငွေများကို ခြိုးခြံချွေတာနိုင်ရန်၊ အဖွဲ့ဝင်နိုင်ငံများအကြား ငွေကြေးပူးပေါင်းဆောင်ရွက်မှု (Monetary Cooperation) နှင့် ကုန်သွယ်မှုများ တိုးတက်မြင့်မားလာစေရန်၊ အဖွဲ့ဝင်များအကြား ငွေကြေးအပြန်အလှန် အကူ အညီပေးရေးအစီအစဉ် ( Currency SWAP Agreement ) များ စီစဉ်ပေးခြင်းဖြင့် အဖွဲ့ဝင်များအား အခိုက်အတန့် နိုင်ငံခြားသုံးငွေအဆင်ပြေစေရန်တို့ဖြစ်ပါသည်။
အသုံးပြုသည့်ငွေကြေး
အေစီယူစာရင်းများတွင် အေစီယူငွေကြေးများအဖြစ် အေစီယူဒေါ်လာ၊ အေစီယူယူရိုနှင့် အေစီယူယန်းဟု သတ်မှတ်ပြီး၊ စာလုံးအတိုကောက်မှာ အေအမ်ယူဖြစ်ပါသည်။ (၁.၁.၂၀၀၉) မှစ၍ အေစီယူငွေကြေးအား အမေရိကန် ဒေါ်လာ (၁)ဒေါ်လာနှင့်ညီမျှသည့် အေစီယူဒေါ်လာ၊ ယူရို (၁)ယူရို တန်ဘိုးနှင့်ညီမျှသည့် အေစီယူယူရိုအဖြစ်လည်း ကောင်း၊ (၁.၁.၂၀၂၀)မှစ၍ ဂျပန်ယန်း (၁)ယန်းနှင့်ညီမျှသည့် အေစီယူယန်းဖြစ်လည်းကောင်း အသီးသီးသတ်မှတ်ခဲ့ပါ သည်။
စာရင်းရှင်းလင်းခြင်း
(က) စာရင်းရှင်းကာလကို (၂)လ(၁)ကြိမ်သတ်မှတ်ပြီး၊ အသားတင်နှင့် ရရန်ရှိအတိုး များကို စာရင်းရှင်းလင်းပါသည်။
(ခ) အေစီယူအထွေထွေအတွင်းရေးမှူးချုပ်မှ စာရင်းရှင်းကာလ(၁)ခုစီအဆုံးတွင် ရရန် / ပေးရန် ရှိသည့် ငွေများ ၊ ရရန်ရှိအတိုးအပါအဝင် အသားတင်အခြေအနေ များကို အဖွဲ့ဝင်(၁)နိုင်ငံစီသို့ အကြောင်းကြားပါသည်။
(ဂ) မြီစားနိုင်ငံသည် အေစီယူ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးချေရန် အကြောင်းကြားစာရရှိပြီးနောက် အလုပ်လုပ်ရက် (၄)ရက်အတွင် ပေးချေမှုများ ပြုလုပ်ရပါသည်။
(ဃ) အဖွဲ့ဝင်နိုင်ငံများ၏ စာရင်းရှင်းလင်းမှုများကို အေစီယူစနစ်မှတစ်ဆင့် အေစီယူ ဒေါ်လာ၊ အေစီယူယူရိုနှင့် အေစီယူယန်းများဖြင့် ပေးချေပါသည်။
(င) ငွေပေးချေမှုများကို မြီရှင်နိုင်ငံများမှ လက်ခံသောငွေကြေးဖြင့် ပေးချေရပါသည်။
(စ) ၂၀၁၃ ခုနှစ်၊ သြဂုတ်လကုန်မှစ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် အေစီယူအဖွဲ့ ဝင်ဗဟိုဘဏ်များနှင့် ယူရိုငွေကြေးဖြင့် စာရင်းရှင်းလင်း ဆောင်ရွက်လျက်ရှိပါသည်။
အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်ငွေချေးယူရေး အစီအစဉ် ( Swap Agreement )
အဖွဲ့ဝင်နိုင်ငံအချင်းချင်း အပြန်အလှန်ငွေချေးယူရေး အစီအစဉ်အရ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံအနေဖြင့် စာရင်းရှင်းကာလကုန်ဆုံးသည့်အခါ၌ လိုငွေပြနေပါက ယင်းငွေကြေးအစီ အစဉ်အရ ငွေချေးနိုင်ခွင့်ရှိပါသည်။ ချေးယူငွေအပေါ်တွင် အတိုးနှုန်းကို ယင်းအစီအစဉ်အရ လန်ဒန်မြို့ရှိ ဘဏ်အချင်းချင်းပေးသော အတိုးနှုန်းဖြင့် ပေးချေရမည်ဖြစ်သဖြင့် အတိုးနှုန်း သက်သာမှုရရှိပါသည်။ ACU စည်းမျဉ်းအရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံသည် အောက်ပါအချက်များ နှင့် ညီညွတ်မှုရှိလျှင် ငွေချေးယူခွင့်ရှိပါသည် -
(က) စာရင်းရှင်းလင်းသည့် ကာလကုန်ဆုံးသည့်အခါ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံသည် လိုငွေပြနေပါက ယင်းငွေကြေးအစီအစဉ်(Swap Agreement)ကို အသုံးပြုခွင့်ရှိ ပါသည်။
(ခ) ယင်းငွေကြေးအစီအစဉ်ကို အသုံးပြုခွင့်ရှိသော အဖွဲ့ဝင်နိုင်ငံသည် လွန်ခဲ့သော ပြက္ခဒိန်နှစ် (၃)နှစ်အတွင်း အခြားအဖွဲ့ဝင်နိုင်ငံများသို့ ACU စာရင်းရှင်းလင်း ရေးအရ ပျမ်းမျှပေးချေမှုစုစုပေါင်း ၂၀ % အထိ ရယူအသုံးပြုခွင့်ရှိပါသည်။
(ဂ) အတိုးနှုန်းကို Inter-Continental Exchange မှ ထုတ်ပြန်သည့် LIBOR နှုန်း အတိုင်း ပေးချေရပါမည်။
(ဃ) ငွေချေးခွင့်ရှိသော နိုင်ငံသည် တစ်ကြိမ်လျှင် (၂)လအထိ သုံးစွဲခွင့်ရှိပါသည်။
အေစီယူဒါရိုက်တာအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးများ ကျင်းပခြင်း
အေစီယူဒါရိုက်တာအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးများကို အဖွဲ့ဝင်နိုင်ငံများတွင် အလှည့် ကျကျင်းပလေ့ရှိပါသည်။ မြန်မာနိုင်ငံသည် အိမ်ရှင်နိုင်ငံအဖြစ် ၁၉၈၀ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက် နှင့် (၅)ရက်နေ့များတွင် (၈)ကြိမ်မြောက် အေစီယူဒါရိုက်တာအဖွဲ့အစည်းအဝေးကို ရန်ကုန်မြို့ ၌လည်းကောင်း၊ ၁၉၈၇ ခုနှစ်၊ ဧပြီလ(၂၁)ရက်နှင့် (၂၂)ရက်များတွင် (၁၅)ကြိမ်မြောက် အေစီယူ ဒါရိုက်တာအဖွဲ့အစည်းအဝေးကို ရန်ကုန်မြို့၌လည်းကောင်း၊ ၁၉၉၄ ခုနှစ်၊ သြဂုတ်လ(၂၅)ရက် နှင့် (၂၆)ရက်များတွင်(၂၄)ကြိမ် မြောက်အေစီယူဒါရိုက်တာအဖွဲ့အစည်းအဝေးကို ရန်ကုန်မြို့၌ လည်းကောင်း၊ ၂၀၀၁ ခုနှစ်၊ မေလ(၂၈)ရက်နှင့် (၂၉)ရက်များတွင် (၃၀)ကြိမ် မြောက်အေစီယူ ဒါရိုက်တာအဖွဲ့အစည်းအဝေးကို ရန်ကုန်မြို့၌လည်းကောင်း၊ ၂၀၀၈ ခုနှစ်၊ ဇွန်လ(၁၆)ရက်နှင့် (၁၇)ရက်များတွင် (၃၇)ကြိမ်မြောက်အေစီယူဒါရိုက်တာအဖွဲ့ အစည်းအဝေးကို နေပြည်တော်၌ လည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ ဇွန်လ(၃)ရက်နှင့် (၄)ရက်များတွင် (၄၅)ကြိမ်မြောက်အေစီယူ ဒါရိုက်တာ အဖွဲ့အစည်းအဝေးကို နေပြည်တော်၌လည်းကောင်း လက်ခံကျင်းပခဲ့ပါသည်။
အဖွဲ့ဝင်နိုင်ငံအချင်းချင်း ကုန်သွယ်မှု
မြန်မာနိုင်ငံအနေဖြင့် အေစီယူအဖွဲ့ဝင်နိုင်ငံများသို့ တင်ပို့သော ကုန်ပစ္စည်းများမှာ ဂျင်း ၊ သစ်တောထွက်ပစ္စည်းများနှင့် ပဲမျိုးစုံတို့ဖြစ်ပြီး၊ အေစီယူအဖွဲဝင်နိုင်ငံများမှ တင်သွင်းသော ပစ္စည်းများမှာ စက်ပစ္စည်းများ၊ တာယာ၊ ပိုက်နှင့်ပိုက်ဆက်ပစ္စည်း၊ ဆေးဝါးများ၊ ယာဉ်အပို ပစ္စည်းများ၊ စတီးအပျော့စားများ၊ စာရေးကိရိယာများ၊ လျှပ်စစ်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ စိုက်ပျိုးရေးသုံးပစ္စည်းများနှင့် အလှကုန်ပစ္စည်းများဖြစ်ပါသည်။ ပို့ကုန်/ သွင်းကုန်များ အတွက် မြန်မာနိုင်ငံနှင့် အေစီယူကုန်သွယ်မှု အများဆုံးပြုလုပ်သောနိုင်ငံမှာ အိန္ဒိယနိုင်ငံဖြစ်ပါသည်။