အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ (SEACEN Centre)ကို ၁၉၈၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပါသည်။ စတင်ဖွဲ့စည်းချိန်က အင်ဒိုနီးရှားဗဟိုဘဏ်၊ မလေးရှားဗဟိုဘဏ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နီပေါဗဟိုဘဏ်၊ ဖိလစ်ပိုင်ဗဟိုဘဏ်၊ စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့၊ သီရိလင်္ကာဗဟိုဘဏ်နှင့် ထိုင်းဗဟိုဘဏ် စသည့်အဖွဲ့ဝင်(၈)နိုင်ငံမှ ဗဟိုဘဏ်များပါဝင်ပါသည်။ ထို့နောက် ၁၉၉၀ ပြည့်နှစ်တွင် ကိုးရီးယားဗဟိုဘဏ်၊ ၁၉၉၂ ခုနှစ်တွင် တရုတ်တိုင်ပေဗဟိုဘဏ်၊ ၁၉၉၉ ခုနှစ်တွင် မွန်ဂိုလီးယားဗဟိုဘဏ်၊ ၂၀၀၃ ခုနှစ်တွင် ဘရူနိုင်းဘဏ္ဍာရေးဝန်ကြီးဌာန၊ ၂၀၀၄ ခုနှစ်တွင် ဖီဂျီဗဟိုဘဏ်၊ ၂၀၀၅ ခုနှစ်တွင် ပါပူးဝါးနယူးဂီနီဗဟိုဘဏ်၊ ၂၀၀၆ ခုနှစ်တွင် ကမ္ဘောဒီယားဗဟိုဘဏ်နှင့် ဗီယက်နမ်ဗဟိုဘဏ်၊ ၂၀၁၁ ခုနှစ်တွင် တရုတ်ဗဟိုဘဏ်၊ ၂၀၁၂ ခုနှစ်တွင် လအိုဗဟိုဘဏ်နှင့် ၂၀၁၃ ခုနှစ်တွင် အိန္ဒိယဗဟိုဘဏ်တို့ ထပ်မံပါဝင်လာသဖြင့် ယခုအခါ အဖွဲ့ဝင် (၁၉)နိုင်ငံရှိလာပြီဖြစ်ပါသည်။ SEACEN Centre သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မလေးရှားဗဟိုဘဏ်မှ ပိုင်ဆိုင်သော Sasana Kijiang အဆောက်အုံ၊ (၅)လွှာ၌ တည်ရှိပါသည်။
SEACEN Centre ၏ အဓိကရည်ရွယ်ချက်များမှာ အရှေ့တောင်အာရှနိုင်ငံများအပါအဝင် ဒေသတစ်ခုလုံးရှိ ဗဟိုဘဏ်များနှင့် ငွေကြေးအာဏာပိုင်အဖွဲ့အစည်းများ၏ အကျိုးစီးပွားကို ဆောင်ကြဉ်းပေးနိုင်မည့် ဘဏ္ဍာရေး၊ ငွေရေးကြေးရေး၊ ဘဏ်လုပ်ငန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိစ္စရပ်များအား ပိုမိုနားလည်စေရန်နှင့် ဒေသတွင်းနိုင်ငံများရှိ ဘဏ်များနှင့် ငွေကြေးအာဏာပိုင်အဖွဲ့အစည်းများအကြား သုတေသနနှင့် အလုပ်သင်ကြားရေးလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်တို့ဖြစ်ပါသည်။
ထိုရည်ရွယ်ချက်များနှင့်အညီချမှတ်ထားသည့် SEACEN Centre ၏ မျှော်မှန်းချက်မှာ အာရှ-ပစိဖိတ်ဒေသတွင်း ဗဟိုဘဏ်များအတွက် အကြီးမားဆုံးသောဒေသတွင်း အလုပ်သင်ကြားရေးဗဟိုဌာနကြီးဖြစ်လာစေရေး ဖြစ်ပါသည်၊
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဌ၊ ဦးကျော်ကျော်မောင်သည် SEACEN ဂါဗာနာဘုတ် အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး၊ SEACEN အတွက် အမှုဆောင်ဒါရိုက်တာရွေးချယ်ခန့်အပ်ခြင်းနှင့် အခြားသောမဟာဗျူဟာမြောက် ဆုံးဖြတ်ချက်များချမှတ်ခြင်းတို့တွင် ပါဝင်ဆွေးနွေးခြင်းနှင့် အတည်ပြုလက်ခံပေးခြင်းတို့ကို ဆောင်ရွက်ပါသည်။ SEACEN နှင့် သက်ဆိုင်သည့် ကိစ္စများကို တာဝန်ယူထားသည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဌ တစ်ဦးဖြစ်သည့် ဒေါ်ခင်စောဦးသည် SEACEN အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်ပြီး၊ SEACEN သုတေသနပရောဂျက်များ၊ သင်တန်းများနှင့် SEACEN ဝန်ထမ်းများနှင့် သက်ဆိုင်သည့် စည်းမျဉ်းဥပဒေများအား ဂါဗာနာဘုတ်အဖွဲ့မှ အတည်ပြုချမှတ်ရန်လိုအပ်သည့် အကြံဉာဏ်ပေးခြင်းတို့ကို ဆောင်ရွက်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် မူဝါဒရေးရာသုတေသန၊ နိုင်ငံတကာဆက်ဆံရေးနှင့် သင်တန်းဌာန၊ ငွေရေးကြေးရေးအဖွဲ့အစည်းများကြီးကြပ်စစ်ဆေးရေးဌာနနှင့် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ်ဌာနတို့မှ ဌာနကြီးမှူးများသည် SEACEN သုတေသနနှင့် အလုပ်သင်ကြားရေးဆိုင်ရာ ဒါရိုက်တာများအစည်းအဝေး၊ ဘဏ်လုပ်ငန်းကြီးကြပ်စစ်ဆေးရေးဆိုင်ရာ ဒါရိုက်တာများအစည်းအဝေးနှင့် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုဆိုင်ရာ ဒါရိုက်တာများအစည်းအဝေးများသို့ နှစ်စဉ်တက်ရောက်ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အရာထမ်းများသည်လည်း SEACEN Centre မှ အဖွဲ့ဝင်ဗဟိုဘဏ်များသို့ ခွဲဝေ ဖြန့်ဖြူးပေးသည့် SEACEN Trust Fund နှင့် SEACEN Additional Scholarship များဖြင့် SEACEN သင်တန်းများ၊ ဆွေးနွေးပွဲများနှင့် အလုပ်ရုံဆွေးနွေးပွဲများသို့ တက်ရောက်လျက်ရှိပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် SEACEN Centre မှ ပို့ချလျက်ရှိသည့် သင်တန်းများအနက် ထွန်းသစ်စနိုင်ငံများအတွက် ရည်ရွယ်ကျင်းပသည့် “၆ ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များ အဖွဲ့ငွေပေးချေမှုနှင့်စာရင်းရှင်းလင်းမှုဆိုင်ရာ အလယ်အလတ်ဆင့်သင်တန်း” အား ၂၀၁၁ ခုနှစ်၊ ဇွန်လ (၁၉) ရက်မှ (၂၃) ရက်နေ့အထိ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။