The Republic of the Union of Myanmar

Central Bank of Myanmar

Photo Gallery

Video Gallery

အခန်း(၅) ဖွဲ့စည်းပုံနှင့်စီမံခန့်ခွဲခြင်း

၂၄။ ဗဟိုဘဏ်ကို ဒါရိုက်တာအဖွဲ့ဖြင့် စီမံခန့်ခွဲရမည်။

၂၅။ (က) ဗဟိုဘဏ်၏ဒါရိုက်တာအဖွဲ့ဝင်များကို အစိုးရကခန့်အပ်ရမည်။ အဆိုပါအဖွဲ့ကို အဖွဲ့ဝင်ခုနှစ်ဦးဖြင့် ဖွဲ့စည်းရမည်၊
(ခ) အဖွဲ့တွင် အောက်ပါပုဂ္ဂိုလ်များ ပါဝင်ရမည်-
(၁) အစိုးရကခန့်အပ်သောဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်လေးဦး၊
(၂) ဝန်ကြီးဌာနက ရာထူးအလျောက်ခန့်အပ်သော ဒါရိုက်တာတစ်ဦး။
(ဂ) ဒါရိုက်တာအဖွဲ့ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့၏ သက်တမ်းသည် ၅ နှစ်ဖြစ်ရမည်။ ကျန်အဖွဲ့ဝင်များ၏ သက်တမ်းသည် ၄ နှစ် ဖြစ်ရမည်။ အဆိုပါပုဂ္ဂိုလ်များအား သက်တမ်းတစ်ခုထက်ပို၍ ပြန်လည်ခန့်ထားနိုင် ခွင့်ရှိသည်၊
(ဃ) ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်များကို အချိန်ပြည့်ထမ်းဆောင်ရမည့်အပြင် အခကြေးငွေရရှိသော အခြားမည်သည့်လုပ်ငန်းကိုမျှ ဆောင်ရွက်ခြင်းမပြုရ၊
(င) အဖွဲ့သည် ဗဟိုဘဏ်၏အရာရှိတစ်ဦးအား အဖွဲ့၏အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ်ရမည်။

၂၆။ ဥက္ကဋ္ဌသည် ဗဟိုဘဏ်၏အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်၍ ဗဟိုဘဏ်၏နေ့စဉ်လုပ်ငန်းများကို စီမံခန့်ခွဲခြင်းနှင့် မူဝါဒအကောင်အထည်ဖော်ခြင်းတို့ကို အဖွဲ့အား တာဝန်ခံပြီး ဆောင်ရွက်ရမည်။

၂၇။ ဥက္ကဋ္ဌသည် ဗဟိုဘဏ်ကိုယ်စား အရေးယူဆောင်ရွက်ရန်၊ သဘောတူစာချုပ်များချုုပ်ဆိုရန်၊ စာချုပ်စာတမ်းများနှင့် စာချွန်လွှာများကို လက်မှတ်ရေးထိုးရန် လုပ်ပိုင်ခွင့်များရှိစေရမည်။ ဥက္ကဋ္ဌသည် အဆိုပါလုပ်ပိုင်ခွင့်များကို အဖွဲ့ဆုံးဖြတ်သည့် အတိုင်း ဗဟိုဘဏ်၏အရာရှိများအား လွဲှအပ်နိုင်သည်။

၂၈။ ကနဦး ဒါရိုက်တာအဖွဲ့တွင် အစိုးရကခန့်ထားသော အဖွဲ့ဝင်ဦးရေထက်ဝက်ကို အစိုးရ၏ဆုံးဖြတ်ချက်ဖြင့် ၂ နှစ်ပြည့်သည့်အခါ အစားထိုးခန့်ထားခြင်း သို့မဟုတ် ပြန်လည်ခန့်ထားခြင်းပြုရမည်။

၂၉။ အောက်ပါပုဂ္ဂိုလ်တို့ကို အဖွဲ့ဝင်အဖြစ် ခန့်ထားခြင်းမပြုရ-
(က) ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊
(ခ) အစိုးရနှင့်အစိုးရ၏ လက်အောက်ခံအဖွဲ့အစည်းမှ လခစားဝန်ထမ်း၊
(ဂ) နိုင်ငံသားမဟုတ်သူ၊
(ဃ) အဖွဲ့ဝင်တစ်ဦး၏ ဇနီး၊ ခင်ပွန်း၊ မိဘ၊ သားသမီး၊ ညီအစ်ကို မောင်နှမအရင်း၊
(င) အဖွဲ့ဝင်တစ်ဦးသည် ကုမ္ပဏီ သို့မဟုတ် အစုစပ်လုပ်ငန်းတွင် အရာရှိအဖြစ်သော်လည်းကောင်း၊ ဒါရိုက်တာ အဖြစ်သော်လည်းကောင်း၊ အဓိကအစုရှယ်ယာပိုင်ရှင် သို့မဟုတ် အစုစပ်ဝင်အဖြစ်သော်လည်းကောင်း ပါဝင်လျှင် ယင်းကုမ္ပဏီ သို့မဟုတ် အစုစပ်လုပ်ငန်း၏ ဒါရိုက်တာများ၊ အဓိကအစုရှယ်ယာပိုင်ရှင်များ၊ အစုစပ်ဝင်များ၊
(စ) ဘဏ်တစ်ခု သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်းတစ်ခု၏ ဝန်ထမ်းများ သို့မဟုတ် အဓိကအစုရှယ်ယာ ပိုင်ရှင်များ၊
သို့ရာတွင် အစိုးရသည် ပုဒ်မခွဲ(က)နှင့် (ခ)တို့ပါ ပြဌာန်းချက်များတွင်ပါရှိသည့် မည်သူကိုမဆို ထူးခြားသော အကြောင်းရှိလျှင် ကင်းလွတ်ခွင့်ပေးနိုင်သည်။

ရှင်းလင်းချက်
ဤပုဒ်မပါ အဓိကအစုရှယ်ယာပိုင်ရှင်ဆိုသည်မှာ ကုမ္ပဏီ၊ အစုစပ်လုပ်ငန်း သို့မဟုတ် ငွေရေးကြေးရေးအဖွဲ့အစည်း တစ်ခုတွင် ၁၀ ရာခိုင်နှုန်းထက်ပိုသော အကျိုးခံစားခွင့် ပိုင်ဆိုင်သူကိုဆိုသည်။

၃၀။ အဖွဲ့ဝင်တစ်ဦးသည်-
(က) ပုဒ်မ ၂၉ တွင် ဖော်ပြထားသော ကန့်သတ်ချက်များနှင့် ငြိစွန်းလျှင်သော်လည်းကောင်း၊
(ခ) ဝန်ကြီးဌာနက သတ်မှတ်ထားသည့် ပြစ်မှုတစ်ရပ်ရပ်ဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင်သော်လည်းကောင်း၊
(ဂ) အစိုးရထံနုတ်ထွက်လွှာတင်၍ ခွင့်ပြုချက်ရရှိလျှင်သော်လည်းကောင်း၊
(ဃ) မိမိ၏ တာဝန်ဝတ္တရားများကို စွမ်းဆောင်နိုင်ခြင်း မရှိကြောင်း သက်ဆိုင်ရာအာဏာပိုင်၏ ဆုံးဖြတ်ခြင်း ခံရလျှင်သော်လည်းကောင်း၊
(င) အဖွဲ့၏ခွင့်ပြုချက်မရရှိဘဲ အဖွဲ့၏အစည်းအဝေးတက်ရောက်ရန် တစ်ဆက်တည်းသုံးလ ပျက်ကွက်လျှင် သော်လည်းကောင်း
အဖွဲဝင်အဖြစ်မှ ရပ်စဲပြီးဖြစ်ရမည်။

၃၁။ နုတ်ထွက်သွားသော သို့မဟုတ် ရာထူးမှရပ်စဲခြင်းခံရသော သို့မဟုတ် သေဆုံးသွားသော အဖွဲ့ဝင်၏ကျန်ရာထူး သက်တမ်းအတွက် သင့်လျော်သူတစ်ဦးဦးကို အစိုးရကဖြည့်စွက်ခန့်ထားရမည်။ ယင်းသို့ဖြည့်စွက်ခန့်ထားခြင်းကို လစ်လပ်မှု ပေါ်ပေါက်သည့်နေ့မှ ၆ လ အတွင်းပြုလုပ်ရမည်။

၃၂။ အဖွဲ့သည် ဗဟိုဘဏ်၏လုပ်ငန်းတာဝန်များကို ထိရောက်စွာဆောင်ရွက်နိုင်ရန် သင့်လျော်သောပုဂ္ဂိုလ်များဖြင့် ကော်မတီများကိုဖွဲ့စည်းနိုင်သည်။ ထိုသို့ဖွဲ့စည်းရာတွင် ယင်းကော်မတီများ၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သင့်လျော်သလို သတ်မှတ်ပေးရမည်။

၃၃။ (က) အဖွဲ့၏အစည်းအဝေးကို တစ်လလျှင်အနည်းဆုံးတစ်ကြိမ် ပြုလုပ်ရမည်။ သို့ရာတွင်ဥက္ကဋ္ဌ သို့မဟုတ် ဒုတိယဥက္ကဋ္ဌ သို့မဟုတ် အဖွဲ့ဝင်အများစု၏ ဆန္ဒဖြင့် မည်သည့်အချိန်မဆို အစည်းအဝေးကို ပြုလုပ်နိုင်သည်၊
(ခ) ခန့်ထားပြီးအဖွဲ့ဝင်ဦးရေ ထက်ဝက်(သို့မဟုတ်) ထက်ဝက်ထက်ပို၍ တက်ရောက်လျှင် အစည်းအဝေးအထမြောက်သည်၊
(ဂ) ဥက္ကဋ္ဌ သို့မဟုတ် ဥက္ကဋ္ဌမရှိသည့်အခါတွင် ဒုတိယဥက္ကဋ္ဌသည်လည်းကောင်း၊ ယင်းတို့နှစ်ဦးစလုံး မရှိသည့်အခါတွင် အဖွဲ့ဝင်များကတင်မြှောက်သည့် အဖွဲ့ဝင်တစ်ဦးသည်လည်းကောင်း၊ အစည်းအဝေး သဘာပတိအဖြစ် ဆောင်ရွက်ရမည်၊
(ဃ) အဖွဲ့အစည်းအဝေးများတွင် ဆုံးဖြတ်ချက်များကို တက်ရောက်သော အဖွဲ့ဝင်အများစု၏ ဆန္ဒမဲဖြင့်ချမှတ်ရမည်။ မဲအရေအတွက်တူညီနေလျှင် သဘာပတိ၏ အဆုံးအဖြတ်မဲဖြင့် ဆုံးဖြတ်ချက်ချမှတ်ရမည်။

၃၄။ (က) ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် အဖွဲ့ကအဆိုပြုပြီး အစိုးရကသတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ လစာနှင့်စရိတ်များကို ခံစားခွင့်ရှိစေရမည်။ ယင်းလစာနှင့်စရိတ်များကို ဗဟိုဘဏ်မှကျခံရမည်၊
(ခ) အဖွဲ့ဝင်များသည် အဖွဲ့ကအဆိုပြုပြီး အစိုးရကခွင့်ပြုသော ချီးမြှင့်ငွေများခံစားခွင့်ရှိစေရမည်။ ယင်းချီးမြှင့်ငွေကို ဗဟိုဘဏ်မှကျခံရမည်။

၃၅။ အဖွဲ့ဝင်များသည် မိမိနှင့်မိမိ၏မိသားစုဝင်များ၏ ငွေကြေး သို့မဟုတ် စီးပွားရေးလုပ်ငန်းနှင့်ဆိုင်သော အကျိုးခံစားခွင့်များကို အဖွဲ့သို့အပြည့်အစုံတင်ပြရမည်။ ယင်းအကျိုးခံစားခွင့်များနှင့်ဆက်စပ်လျက်ရှိသော ကိစ္စများကိုအဖွဲ့က အရေးယူဆောင်ရွက်ရန် လိုအပ်သည့်အခါ သက်ဆိုင်ရာအဖွဲ့ဝင်အနေဖြင့် ဆန္ဒမဲပေးခြင်းမှ ရှောင်ကြဉ်ရမည်။ သို့ရာတွင် ဤသို့ဆောင်ရွက်ခြင်းဖြင့် အစည်းအဝေးအထမြောက်ခြင်းသည် မပျက်ပြယ်စေရ။

၃၆။ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၁ အရ ပြည်သူ့ဝန်ထမ်းများဖြစ်သည်ဟု မှတ်ယူရမည်။

၃၇။ အဖွဲ့သည်ဗဟိုဘဏ်၏ လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရန်အလို့ငှာ ဝန်ထမ်းဖွဲ့စည်းပုံတစ်ရပ် ရေးဆွဲထားရှိရမည်။ ယင်းဖွဲ့စည်းပုံအတွင်းလိုအပ်သော အရာထမ်းများနှင့်အမှုထမ်းများကို ခန့်ထားရမည်။ ယင်းဝန်ထမ်းများသည် ပြည်သူ့ ဝန်ထမ်းများဖြစ်သည်။

၃၈။ အဖွဲ့သည် ဝန်ထမ်းခန့်ထားခြင်း၊ ရာထူးတိုးမြှင့်ပေးခြင်း၊စည်းကမ်းထိန်းသိမ်းခြင်း၊ လစာနှင့်စရိတ်များ သတ်မှတ်ခြင်းတို့နှင့် စပ်လျဉ်းသည့် ဗဟိုဘဏ်၏ ဝန်ထမ်းစည်းမျဥ်းစည်းကမ်းများကို အစိုးရ၏ ခွင့်ပြုချက်ဖြင့်သတ်မှတ်ရမည်။

Weighted-average (WA) Market Exchange Rate

MMK per USD - Date: 3rd July 2020

Reference Exchange rate
(WA market rate)
1,369.7
Interbank Market WA rate 1,370.6
Bank-customer Market WA rate

1,368.3

  • CBM announces daily Reference Exchange Rate every working day at 4:00 PM, based on deals between 9:00 AM and 3:00 PM.
  • Methodology on determination of Reference Exchange Rate is available here

MMK Exchange rate for other currencies are available here (forex.cbm.gov.mm)

ဗဟိုဘဏ်အတိုးနှုန်း(%)
ဗဟိုဘဏ် အတိုးနှုန်း တစ်နှစ်လျင် ၇%
အပ်ငွေပေါ် အနည်းဆုံး အတိုးနှုန်း တစ်နှစ်လျင် ၅%

အာမခံဖြင့် ချေးငွေပေါ် အများဆုံး အတိုးနှုန်း

အာမခံမဲ့ ချေးငွေပေါ် အများဆုံးအတိုးနှုန်း

တစ်နှစ်လျင် ၁၀%

တစ်နှစ်လျင် ၁၄.၅%

 

Economic Indicators (%)

GDP Growth Rate
2018-2019 FY
(October to September)
6.80 %
Annual Rate of Inflation
(May 2020)
8.35 %
Year on Year Inflation
(May 2020)
4.21 %

     Source : Ministry of Planning and Finance