၃။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ကိုယ်ပိုင်အမည်ဖြင့် စဉ်ဆက်မပြတ် ဆက်ခံဆောင်ရွက်ပိုင်ခွင့်၊ တရားစွဲဆိုနိုင်ခွင့်၊ တရားစွဲခံနိုင်ခွင့်ရှိသော တရားဝင်အဖွဲ့အစည်းဖြင့် ဤဥပဒေဖြင့် တည်ထောင်သည်။
၄။ ဗဟိုဘဏ်၏ ရုံးချုပ်ကိုရန်ကုန်မြို့တွင်ထားရှိရမည်။ ဗဟိုဘဏ်သည် ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ၊ ဘဏ်ခွဲ များနှင့် ကိုယ်စားလှယ်ရုံးခွဲများဖွင့်လှစ်နိုင်သည်။
၅။ ဗဟိုဘဏ်၏အဓိကရည်မှန်းချက်မှာ ပြည်တွင်းပြည်ပတွင် မြန်မာ့ကျပ်ငွေတန်ဖိုးခိုင်ခန့်တည်မြဲစေရန် ဖြစ်ရမည်။
၆။ ဗဟိုဘဏ်သည် မိမိ၏အဓိကရည်မှန်းချက်နှင့်အညီ အောက်ပါရည်ရွယ်ချက်များကိုလည်း ကြိုးပမ်းဆောင်ရွက်ရမည်-
(က) ထိရောက်သောငွေပေးချေမှုစနစ်များ၊ ငွေကြေးလွယ်ကူမှု၊ ကြွေးမြီပေးဆပ်နိုင်မှု၊ အခြေခိုင်သောငွေရေး ကြေးရေးစနစ်၏ နည်းလမ်းတကျဆောင်ရွက်မှုတို့ကို တိုးတက်ကောင်းမွန်အောင်ဖော်ဆောင်ရန်၊
(ခ) အစီအစဉ်တကျ၊ ဟန်ချက်ညီညီနှင့် ရှင်သန်သော စီးပွားရေးဖွံ့ဖြိုးမှုကိုဖြစ်ထွန်းစေမည့် ငွေကြေး၊ ချေးငွေနှင့် ငွေရေးကြေးရေးအခြေအနေများကိုအားပေးဖော်ဆောင်ရန်။
၇။ ဗဟိုဘဏ်သည် မိမိ၏အဓိကရည်မှန်းချက်နှင့်အညီ ရည်ရွယ်ချက်များထမြောက်အောင်မြင်စေရန် ကြိုးပမ်းဖော်ဆောင် ရာတွင် ယေဘုယျအားဖြင့် ဗဟိုဘဏ်တစ်ခုအား အပ်နှင်းလေ့ရှိသည့် လုပ်ပိုင်ခွင့်အားလုံးကိုရရှိ၍ ယင်းလုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်နိုင်သည်။