၁။ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဆောင်သည့် ဝန်ဆောင်မှုလုပ်ငန်းများ လွတ်လပ်စွာ စီးဆင်းစေနိုင်ရေး လုပ်ငန်းကော်မတီအောက်တွင် ဆပ်ကော်မတီ ၁၁ ရပ်ဖွဲ့စည်းခဲ့ပြီး၊ အဆိုပါ ဆပ်ကော်မတီ ၁၁ ရပ်တွင် ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲရေးဝန်ဆောင်မှုလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး ဆပ်ကော်မတီကို အဖွဲ့ဝင် ၁၀ ဦး ဖြင့် (၂၃ - ၅ -၂၀၁၂) ရက်နေ့တွင် အတည်ပြု ဖွဲ့စည်းခဲ့ပါသည်။ (၁၇-၇-၂၀၁၂) ရက်နေ့တွင် အဖွဲ့ဝင်သစ် ၂ ဦး ထပ်မံဖြည့်ဆည်းခဲ့ရာ လက်ရှိ စုစုပေါင်းအဖွဲ့ဝင် (၁၂) ဦးရှိပါသည်။
၂။ ဆပ်ကော်မတီ၏ရှေ့လုပ်ငန်းစဉ်(၈) ရပ်မှာအောက်ပါအတိုင်းဖြစ်ပါသည်-
(က) အဖွဲ့ဝင်နိုင်ငံများမှ လွတ်လပ်ခွင့်ပြုရန် သတ်မှတ်ထားသည့် ပူးတွဲပါဝန်ဆောင်မှု ကဏ္ဍများဖြစ်သည့် အာမခံလုပ်ငန်းကဏ္ဍ၊ ဘဏ်လုပ်ငန်းကဏ္ဍနှင့် အရင်းအနှီး ကဏ္ဍများရှိ ဖြေလျှော့ရမည့် လုပ်ငန်းစဉ်များ အား ၂၀၁၅ ခုနှစ် နောက်ဆုံးထား၍ သက်ဆိုင်ရာဌာနအဖွဲ့အစည်း၊ ပုဂ္ဂလိကအသင်းအဖွဲ့များနှင့် သုံးသပ် ဖြေလျှော့ဆောင်ရွက်ရန်၊
(ခ) အာဆီယံဘဏ္ဍာရေးနှင့် ငွေရေးကြေးရေးဆိုင်ရာ စီမံခန့်ခွဲရေးဝန်ဆောင်မှုလုပ်ငန်း များဖြေလျှော့မှုကြောင့် မိမိနိုင်ငံ၏ လုပ်ငန်းများအပေါ် သက်ရောက်မှုကိုလေ့လာရန် လိုအပ်သည့် Desk Study/Field Studyများ ပြုလုပ်ရန်၊
(ဂ) လိုအပ်သည့်မေးခွန်းများ ကြိုတင်ပြုစုဖြန့်ဝေပြီး စုစည်းရရှိသည့်အဖြေများအပေါ် မူတည်၍ အကြံပြု နိုင်ရေး ဆောင်ရွက်ရန်၊
(ဃ) လေ့လာမှုများဆောင်ရွက်ခြင်း၊ လေ့လာမှုများအရ စုစည်းရရှိသည့် အချက်အလက်များ၊ စာရင်းအင်းများ အပေါ် လိုအပ်သည့်တွက်ချက်မှု၊ သုံးသပ်မှုများပြုလုပ်၍ မူဝါဒဆိုင်ရာ ချမှတ်ဆောင်ရွက်သင့်သည်များ ပြုစုတင်ပြရန်၊
(င) ဘဏ္ဍာရေးနှင့်ငွေကြေးဆိုင်ရာ စီမံခန့်ခွဲရေးဝန်ဆောင်မှု လုပ်ငန်းစဉ်များချောမွေ့စွာ ဖော်ဆောင်ရေး အတွက် မြန်မာနိုင်ငံ၌ လက်ရှိကျင့်သုံးနေသည့် တည်ဆဲဥပဒေ၊ လုပ်ထုံးလုပ်နည်းများအား (FTA) ကတိ ကဝတ်များနှင့် ယှဉ်တွဲလေ့လာသုံးသပ်၍ ပြင်ဆင်ရန်လိုအပ်ချက်များ၊ အသစ်ပြဌာန်းရန် လိုအပ်ချက်များ ဖော်ထုတ်ပြုစုတင်ပြရန်၊
(စ) ဖြေလျှော့မှုပေးသည့်ကဏ္ဍ/ကဏ္ဍခွဲများတွင် လာရောက်ရင်းနှီးမြှုပ်နံှသည့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများ (သို့) အခြားပြည်ပရင်းနှီးမြှုပ်နံှမှုများ လက်တွေ့လာရောက် ရင်းနှီးမြှုပ်နံှဆောင်ရွက်ခြင်း ရှိ/မရှိပြန်လည် စိစစ်ရန်၊
(ဆ) ဖြေလျှော့ပေးမှု ကဏ္ဍ/ကဏ္ဍခွဲအလိုက် လုပ်ငန်းဆောင်ရွက်မှုအပေါ် တစ်လ တစ်ကြိမ် သုံးသပ်မှုပြုလုပ်၍ ဦးစီးကော်မတီသို့ စဉ်ဆက်မပြတ်တင်ပြနိုင်ရေး ဆောင်ရွက်ရန်၊
(ဇ) ဘဏ္ဍာရေးနှင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲရေးဝန်ဆောင်မှုလုပ်ငန်းစဉ်များ ဖြေလျှော့မှုကို ဆွေးနွေးပွဲများ၊ ဆောင်းပါးများ၊ အသံလွှင့်တင်ပြခြင်း၊ Website တင်ခြင်း စသည်တို့ကို လစဉ်ဆောင်ရွက်ရန်။
ဘဏ္ဍာရေးနှင့်ငွေကြေးဆိုင်ရာ စီမံခန့်ခွဲရေးဝန်ဆောင်မှုလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး ဆပ်ကော်မတီ
၃။ ဆပ်ကော်မတီအား အောက်ပါအတိုင်း ဖွဲ့စည်းထားပါသည်-
(က) ဒုတိယဥက္ကဌ ဥက္ကဌ
မြန်မာနိုင်ငံတော်ဗဟိုဘဏ်(ရန်ကုန်ဘဏ်ခွဲ)
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
(ခ) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
အကောက်ခွန်ဦးစီးဌာန
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
(ဂ) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
ပြည်တွင်းအခွန်များဦးစီးဌာန
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
(ဃ) ဦးဆောင်ညွှန်ကြားရေးမှူး အဖွဲ့ဝင်
မြန်မာ့အာမခံလုပ်ငန်း
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
(င) ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာန
အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန
(စ) ဒုတိယ ညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
ငွေရေးကြေးရေးအဖွဲ့အစည်းများ ကြီးကြပ်စစ်ဆေးရေးဌာန
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(ဆ) ဒုတိယညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
ငွေပေးချေမှု စာရင်းရှင်းလင်းမှုစနစ်ဌာန
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(ဇ) ဒုတိယညွှန်ကြားရေးမှူးချုပ် အဖွဲ့ဝင်
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဌာန
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(ဈ) အတွင်းရေးမှူး အဖွဲ့ဝင်
မြန်မာနိုင်ငံဘဏ်များအသင်း
(ည) ညွှန်ကြားရေးမှူး အဖွဲ့ဝင်
ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန
(ဋ) ညွှန်ကြားရေးမှူး အတွင်းရေးမှူး
မူဝါဒရေးရာ သုတေသန၊ နိုင်ငံတကာဆက်ဆံရေးနှင့်သင်တန်းဌာန
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(ဌ) ဒုတိယညွှန်ကြားရေးမှူး တွဲဘက်အတွင်းရေးမှူး
မူဝါဒရေးရာ သုတေသန၊ နိုင်ငံတကာဆက်ဆံရေးနှင့် သင်တန်းဌာန
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများ ဖြေလျော့ပေးခြင်း (Financial Services Liberalization - FSL) လုပ်ငန်းများ အကောင်အထည်ဆောင်ရွက်မှုအခြေအနေများ
၄။ ဝန်ဆောင်မှုလုပ်ငန်းများလွတ်လပ်ခွင့်ပြုခြင်းကို အာဆီယံဝန်ဆောင်မှုဆိုင်ရာ မူဘောင် သဘောတူညီချက် (ASEAN Framework Agreement on Services-AFAS)အရ ဆောင်ရွက်လျက်ရှိရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် အခြားသော ဝန်ဆောင်မှုကဏ္ဍနှင့် ငွေရေးကြေးရေး ဝန်ဆောင်မှုကဏ္ဍဟူ၍ အပိုင်း ၂ ပိုင်းပါဝင်ပြီး၊ ငွေရေးကြေးရေး ဝန်ဆောင်မှု လုပ်ငန်းများ ဖြေလျော့ပေးခြင်းများကို အာဆီယံဘဏ္ဍာရေးဝန်ကြီးများ လုပ်ငန်းစဉ်အောက်မှ ဆောင်ရွက်လျက်ရှိပါသည်။
၅။ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံချင်းစီအနေဖြင့် ၂၀၁၅ ခုနှစ်၊ နောက်ဆုံးထား၍ ဖြေလျော့ပေးရန် သတ်မှတ်ထား သည့် ကဏ္ဍခွဲများ၊ ဖြေလျော့မှုနည်းလမ်းများတွင်ရှိသည့်ကန့်သတ်ချက်များကို တစ်ဆင့်ပြီးတစ်ဆင့်တိုးမြှင့်ဖြေလျော့ရန်နှင့် ကြိုတင်သဘောတူညီထားသည့် ပျော့ပျောင်းမှုများ (pre-agreed flexibilities) အဖြစ် သတ်မှတ်ထားခြင်းမရှိသည့် ကျန်ကဏ္ဍခွဲများနှင့် ဖြေလျော့မှုနည်းလမ်းများကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လွတ်လပ်ခွင့်ပြုရန် ဖြစ်ပါသည်။
၆။ ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းပုံစံအများအပြားအနက်မှ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အဖွဲ့ဝင်အားလုံး ၏ ဖွံ့ဖြိုးတိုးတက်မှုအဆင့်အတန်းအရ ၂၀၁၅ခုနှစ်တွင် လွတ်လပ်ခွင့်ပြုရန် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်း ၁၅ မျိုး အား သဘောတူညီထားပါသည်။(နောက်ဆက်တွဲ-က)
၇။ ယင်းဝန်ဆောင်မှုလုပ်ငန်း ၁၅ မျိုးအား လွတ်လပ်ခွင့်ပြုရာတွင် အောက်ဖော်ပြပါမူများကို အသုံးပြုရန်ဖြစ်ပါသည်-
(က) အာဆီယံအနုတ်အိတ်စ် (ASEAN-X) ပုံသေနည်းအရ ဖြေလျော့မှုပေးရန်၊ (ယင်းပုံသေနည်းအရ အဆင် သင့် ဖြစ်နေသည့်နိုင်ငံများမှ ရှေ့ဆက်လက် ဆောင်ရွက်သွားရန်နှင့် ကျန်နိုင်ငံများက နောက်ပိုင်း ပေါင်းစပ်ပါဝင်လာရန်)
(ခ) ဖြေလျော့မှုလုပ်ငန်းစဉ်သည် နိုင်ငံများ၏အမျိုးသားရေးမူဝါဒရည်မှန်းချက်နှင့် နိုင်ငံတစ်ခုချင်းစီ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးမှုအဆင့်အား အလေးထား၍ ဆောင်ရွက်သွားရန်၊
မြန်မာနိုင်ငံမှ ဖြေလျော့ပေးရန်သဘောတူညီထားသည့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ
၈။ မြန်မာနိုင်ငံအနေဖြင့် ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ လွတ်လပ်စွာ ဆောင်ရွက်ခွင့် ပေးခြင်းနှင့်စပ်လျဉ်း၍ အောက်ပါလုပ်ငန်းများအား လွတ်လပ်ခွင့်ပြုရန် သဘောတူညီခဲ့ပြီးဖြစ်ပါသည်-
(က) ပထမအကျော့သဘောတူညီချက်အတွက် ဘဏ်လုပ်ငန်းကဏ္ဍအောက်ရှိ နိုင်ငံခြားဘဏ် ကိုယ်စားလှယ် ရုံးခွဲများ လုပ်ငန်းဆောင်ရွက်ခွင့်ပေးခြင်း၊
(ခ) ဒုတိယအကျော့သဘောတူညီချက်အတွက် အာမခံလုပ်ငန်းအောက်ရှိ ဆုံးရှုံးမှုနှင့် လျော်ကြေး တွက်ချက် ညှိနှိုင်းခြင်း၊
(ဂ) တတိယအကျော့သဘောတူညီချက်အတွက် အာမခံလုပ်ငန်းအောက်ရှိ သင်္ချာနည်းဖြင့် တန်ဖိုးဖြတ်ခြင်း၊
(ဃ) စတုတ္ထအကျော့သဘောတူညီချက်အတွက် အခြားသော ဝန်ဆောင်မှုများကဏ္ဍအောက်ရှိ ငွေရေး ကြေးရေးဆိုင်ရာ သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်းနှင့် လွှဲပြောင်းခြင်း၊ ငွေရေးကြေးရေး ကိန်းဂဏန်းများပြုစုခြင်းနှင့် ၎င်းနှင့်သက်ဆိုင်သော ကွန်ပျူတာအစီအစဉ် ရောင်းချပေးခြင်း၊
(င) ပဉ္စမအကျော့သဘောတူညီချက်အတွက် ဘဏ်လုပ်ငန်းကဏ္ဍအောက်ရှိ အာမခံပေးခြင်းနှင့် ကတိ ကဝတ်ပြုခြင်း။
၉။ ဆဌမအကျော့ သဘောတူညီချက်အား ၂၀၁၁ခုနှစ်မှစ၍ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်လျက်ရှိပြီး၊ ၂၀၁၃ ခုနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံမှ အကြံပေးခြင်း၊ ကြားခံအဖြစ်ဆောင်ရွက်ပေးခြင်းနှင့် အခြားသော အထောက်အကူပြု ငွေရေးကြေးရေးဝန်ဆောင်မှုများ (Advisory, Intermediation and Other Auxiliary Financial Services) လုပ်ငန်းကို ကတိကဝတ်ပြုထားပြီး၊ အဆိုပါကဏ္ဍခွဲအတွက် အခြေပြစာချုပ်အား ၂၀၁၄ ခုနှစ်တွင် ကျင်းပမည့် အာဆီယံဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးတွင် လက်မှတ်ရေးထိုးမည် ဖြစ်ပါသည်။
ဖြေလျော့ရန်ကျန်ရှိသည့်ကဏ္ဍ/ကဏ္ဍခွဲများအား ဆက်လက်ဖြေလျော့ပေးရေးနှင့် နိုင်ငံသားလုပ်ငန်းရှင်များ ထိခိုက်မှုနည်းပါစေရေးအတွက် Criteriaများသတ်မှတ်ရန် လိုအပ်မည့်အခြေအနေ
၁၀။ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဖြေလျော့ပေးရန်သဘောတူညီထားသည့် နောက်ဆက်တွဲ (က) ပါ ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများအနက် မြန်မာနိုင်ငံအနေဖြင့် ဖြေလျော့ရန်ကျန်ရှိသည့် ကဏ္ဍ/ကဏ္ဍခွဲများအား ပြည်တွင်း ငွေရေး ကြေးရေးကဏ္ဍတိုးတက်မှုအခြေအနေအပေါ် မူတည်၍ ဆက်လက်ဖြေလျော့ပေးသွားမည်ဖြစ်ပါသည်။
၁၁။ ထို့ပြင် ငွေရေးကြေးရေးကဏ္ဍတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ လုပ်ငန်းစွမ်းရည်များ တိုးမြှင့် ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပြီး၊ ပြည်တွင်း စီးပွားရေး လုပ်ငန်းရှင်များအား ကာကွယ်ပေး နိုင်မည့် ဥပဒေ၊ နည်းဥပဒေများ၊ ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းဆိုင်ရာ လမ်းညွှန်ချက်များစသည့် Criteria များသတ်မှတ်ရန် လိုအပ်မည် ဖြစ်ပါသည်။ ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းစဉ်များ ဖြေလျော့ပေးမှုအား အခြား အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် တပြေးညီ ပူးပေါင်းဆောင်ရွက်ရေးအတွက် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းနှင့် အခြားငွေရေး ကြေးရေးလုပ်ငန်းများအား ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်ပါသည်။