အစိုးရသစ်လက်ထက်တွင် မြန်မာနိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးဖြစ်စေရန်အတွက် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနှင့် လူမှုရေးပြုပြင်ပြောင်းလဲမှုများကို ဘက်ပေါင်းစုံမှအရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက် ရှိပါသည်။ ယခုကဲ့သို့ပြုပြင်ပြောင်းလဲမှုများကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများ၏ အသိအမှတ် ပြုခြင်းများကို ရရှိခဲ့ပြီး၊ ဝိုင်းဝန်းအားပေးကူညီမှုများကိုလည်း ရရှိခဲ့ပါသည်။
မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်ကပင် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့ပါသည်။ ယခုအခါ အများသိပြီးဖြစ်သည့်အတိုင်း ၂၀၁၄ ခုနှစ်တွင် အာဆီယံအလှည့်ကျ ဥက္ကဌအဖြစ် တာဝန်ယူဆောင်ရွက်နိုင်ရန် ပြင်ဆင်နေသည့်အချိန်လည်းဖြစ်ပါသည်။ အာဆီယံအဖွဲ့ကြီးသည် အာဆီယံဒေသအား တစ်ခုတည်းသောဈေးကွက်နှင့် ကုန်ထုတ်လုပ်မှုအခြေခံဒေသအဖြစ် ရည်မှန်း၍ တည်ထောင်ဆောင်ရွက်လျက်ရှိရာ အာဆီယံစီးပွားရေးအသိုက်အဝန်း (ASEAN ECONOMIC COMMUNITY) AEC Blue Print လုပ်ငန်းစဉ်ကို ချမှတ်ဆောင်ရွက်လျက်ရှိပါသည်။ AEC Blue Print လုပ်ငန်းစဉ်များအရ အောက်ပါတို့ကို ဆောင်ရွက်ရန်ရှိပါသည်-
(က) ကုန်စည်များ လွတ်လပ်စွာစီးဆင်းစေနိုင်ရေး
(ခ) ဝန်ဆောင်မှုများ လွတ်လပ်စွာစီးဆင်းစေနိုင်ရေး
(ဂ) ရင်းနှီးမြုပ်နံှမှုများ လွတ်လပ်စွာစီးဆင်းစေနိုင်ရေး
(ဃ) ငွေကြေးအရင်းအနှီးများ ပိုမိုလွတ်လပ်စွာစီးဆင်းစေနိုင်ရေး
(င) ကျွမ်းကျင်လုပ်သားများ လွတ်လပ်စွာ ပြောင်းရွှေ့စေနိုင်ရေး
ယခုဤဆောင်းပါးတွင် ငွေကြေးအရင်းအနှီးများ ပိုမိုလွတ်လပ်စွာစီးဆင်းစေရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံ၏ ဆောင်ရွက်နေမှုများကို အများပြည်သူအား သိရှိနိုင်စေရန် တင်ပြသွားမည်ဖြစ်ပါသည်။
ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးကဏ္ဍ ခေတ်မီတိုးတက်ရေးအတွက် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ပြုပြင်ပြောင်းလဲသင့်သည်များအား ပြောင်းလဲဆောင်ရွက်ခဲ့ရာ အများပြည်သူများ အထူးသဖြင့် ပြည်ပနိုင်ငံများသို့ ပညာသင်သွားရောက်မည့်သူများ၊ ဆေးကုသမည့်သူများ၊ သွင်းကုန်လုပ်ငန်းရှင်များ၊ ကမ္ဘာလှည့်ခရီးသည်များ အနေဖြင့် နိုင်ငံခြားသုံးငွေများကို အလွယ်တကူ ရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလမှ စတင်ပြီး၊ နိုင်ငံခြားငွေများဝယ်ယူ ရောင်းချခွင့်ပြုသည့်လိုင်စင် (Money Changer Licence)ကို ပြည်တွင်း ပုဂ္ဂလိကဘဏ် ၁၇ ဘဏ်သို့ ထုတ်ပေးခဲ့ရာ မြန်မာနိုင်ငံတစ်ဝှမ်းလုံးတွင် နိုင်ငံခြားငွေရောင်းဝယ်သည့် ကောင်တာ ၇၄ခု ဖွင့်လှစ်ပြီး၊ အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာနှင့် FEC များ ရောင်းဝယ်လျက်ရှိပါသည်။ ထို့အပြင် နိုင်ငံခြားဘဏ် လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အတွက်၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှစ၍ ပုဂ္ဂလိကဘဏ် ၁၁ ဘဏ်အား နိုင်ငံခြားငွေ ရောင်းဝယ်ဖောက်ကားခွင့် လုပ်ငန်းလိုင်စင် (Authorized Dealer Licence) များ ထုတ်ပေးခဲ့ပါသည်။
နိုင်ငံခြားတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် နိုင်ငံသားများ၏ လုပ်ခ၊ လစာ၊ ဝင်ငွေများကို မြန်မာနိုင်ငံရှိ မိသားစုများထံ ဘဏ်များမှတဆင့် လျင်မြန်/လွယ်ကူ/စိတ်ချစွာ ပေးပို့နိုင်စေရန်အတွက် ပြည်ပငွေလွဲှလုပ်ငန်းကို ပြည်တွင်း ပုဂ္ဂလိကဘဏ် ၄ ဘဏ်အား လုပ်ကိုင်ခွင့်ပြုခဲ့ပါသည်။ ထို့ကြောင့် ပြည်ပ(ထိုင်း၊ မလေးရှား၊ စင်ကာပူ)ရှိ မြန်မာ အလုပ်သမားများမှ မြန်မာနိုင်ငံတွင်းရှိ မိသားစုများထံ လွဲှပို့ငွေများကို တရားဝင်လမ်းကြောင်းမှ လုံခြုံစိတ်ချစွာ ငွေလွဲှပေးပို့နိုင်ခြင်း၊ နိုင်ငံခြားရောက် အလုပ်သမားများထံမှ လွဲှပို့သည့် နိုင်ငံခြားငွေပမာဏကို တိကျစွာသိရှိနိုင်ခြင်း၊ တိုင်းပြည်ဝင်ငွေ (National Income) ခန့်မှန်း တွက်ချက်ရာတွင် အထောက်အကူဖြစ်စေခြင်း၊ မသမာသူများ၏ ငွေကြေးအလွဲသုံးစားပြုမှုများကို ကာကွယ်တားဆီးသွားနိုင်ခြင်း စသည့် များစွာသော အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ပါသည်။
ထို့အပြင် နိုင်ငံ့စီးပွားရေးအတွက် အဓိကအရေးပါသော နိုင်ငံခြားငွေလဲလှယ်နှုန်းများနှင့် ပတ်သက်၍ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစတင်ပြီး၊ နိုင်ငံခြားငွေပေါင်းစည်းရေးအတွက် SDR ဖြင့်ချိတ်ဆက်ထားသော ပုံသေနိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်အား ထိန်းကျောင်းမှုရှိသော နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ်သို့ ပြောင်းလဲကျင့်သုံးခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် AD လိုင်စင်ရဘဏ်များဖြင့် နေ့စဉ် 2 way FX လေလံကိုဆောင်ရွက်ပြီး ရည်ညွှန်း နိုင်ငံခြားငွေလဲလှယ်နှုန်းကို နေ့စဉ် သတ်မှတ် ပေးကာ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် website တွင်လည်း နေ့စဉ်ဖော်ပြလျက်ရှိပါသည်။
ယခင်က နိုင်ငံခြားသားများသည် အမေရိကန်ဒေါ်လာ ၂၀၀၀နှင့်အထက် နိုင်ငံခြားငွေများအား အကောက်ခွန်ဦးစီး ဌာနတွင် ကြေညာပြီးမှသာ မြန်မာနိုင်ငံတွင်းသို့ ယူဆောင်ခွင့်ရှိသော်လည်း ယခုအခါ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ၊ သို့မဟုတ်၊ ယင်းနှင့်ညီမျှသည့် မည်သည့်နိုင်ငံခြားငွေကိုမဆို အကောက်ခွန်ဦးစီးဌာနသို့ ကြေညာရန်မလိုပဲ မြန်မာနိုင်ငံအတွင်းသို့ ယူဆောင်ခွင့်ရှိလာပါသည်။
နိုင်ငံခြားသုံးငွေဆိုင်ရာကန့်သတ်ချက်များအား ပိုမိုဖြေလျှော့ပေးနိုင်ရေးအတွက် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေသစ် (Foreign Exchange Management Law)ကို မကြာမီ ပြဌာန်းနိုင်ရန် ဆောင်ရွက်လျက်ရှိရာ Foreign Exchange Management Law ပြဌာန်းပြီးပါက သာမန်စာရင်းပိုမိုလွတ်လပ်ခွင့်များ ရှိလာမည်ဖြစ်ပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှု အခွင့်အလမ်းများတိုးပွားလာပြီး၊ နိုင်ငံ၏စီးပွားရေးအပေါ် များစွာအကျိုးဖြစ်ထွန်းစေမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပြည်တွင်းနိုင်ငံခြားငွေကြေးဈေးကွက်ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ ပုဂ္ဂလိကဘဏ် များသို့ AD လိုင်စင်ထုတ်ပေးခဲ့ပြီး၊ ၉-၇-၂၀၁၂ ရက်နေ့မှစ၍ နိုင်ငံခြားငွေဈေးကွက်များ ပိုမိုရှင်သန်သွက်လက်နိုင်စေရန် AD လိုင်စင်ရဘဏ်များသို့ နိုင်ငံခြားငွေဖြင့် စာရင်းရှင်အပ်ငွေစာရင်းများကို လက်ခံဖွင့်လှစ်ခွင့်ပြုခဲ့ပါသည်။
ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်ကိုယ်စားလှယ်ရုံးခွဲ ဖွင့်လှစ်ထားသည့်ဘဏ်များအကြား ဖက်စပ်ဘဏ် တည်ထောင်ဆောင်ရွက်နိုင်ကြစေရန် ခွင့်ပြုပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေပါသည်။ အဆိုပါဖက်စပ်ဘဏ်များ တည်ထောင်ပြီးပါက မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍ ပိုမိုခေတ်မီဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး၊ နိုင်ငံခြား ဘဏ်လုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်မည်ဖြစ်၍ ပြည်သူများအဆင်ပြေချောမွေ့စွာ သုံးစွဲနိုင်မည့် ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှု လုပ်ငန်းများအား နည်းပညာသစ်များနှင့်အတူ တိုးခဲျ့ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
နိုင်ငံခြားဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ထိုင်းနိုင်ငံဗဟိုဘဏ်ထံမှ ကျွမ်းကျင်မှုအကူအညီများရယူပြီး ဆောင်ရွက်လျက်ရှိရာ၊ ၂၀၁၂ ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ထိုင်းဗဟိုဘဏ်တို့အကြား ကျွမ်းကျင်မှုအကူအညီပေးရေးနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခဲ့ပြီး၊ ထိုင်းနိုင်ငံ ဗဟိုဘဏ်သည် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ နိုင်ငံခြားငွေရောင်းဝယ်ရေးဈေးကွက်၊ liquidity forecasting၊ money reporting system နှင့် reserve money targeting များအတွက် T.A အကူအညီများ ပံ့ပိုးပေးလျက်ရှိနေပါသည်။
မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီကို ၁-၇-၂၀၀၈ ရက်နေ့မှစ၍ ဖွဲ့စည်းခဲ့ပြီး၊ ယင်းကော်မတီတွင် ဆပ်ကော်မတီ ၆ ခုကို ထပ်မံဖွဲ့စည်း ဆောင်ရွက် လျက်ရှိပါသည်။ ငွေချေးသက်သေခံလက်မှတ်များ ရောင်းဝယ်ရေးဥပဒေကိုလည်း မကြာမီတွင် ပြဌာန်းရန်ရှိပြီး၊ အစိုးရငွေတိုက် စာချုပ်ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံ-ဂျပန် ရန်ပုံငွေဖြင့် ဒိုင်ဝါသုတေသနအဖွဲ့မှ ကျွမ်းကျင်မှုအကူအညီ ပထမ အဆင့်အား အပြီးသတ် ဆောင်ရွက်ခဲ့ပြီး၊ ဒုတိယအဆင့်အတွက် စတင်ဆွေးနွေးဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် တိုကျိုစတော့အိပ်ချိန်းနှင့် ဒိုင်ဝါသုတေသနအဖွဲ့တို့သည် ၂၀၁၂ ခု နှစ်၊ မေလ ၂၉ ရက် နေ့တွင် MOU လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါသည်။
အရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးလမ်းပြမြေပုံအရ မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်တွင် စတော့အိတ်ချိန်း ထူထောင် နိုင်ရန် မျှော်မှန်းထားရာ နိုင်ငံတော်၌ အရင်းအနှီး ဈေးကွက်ဖွံ့ဖြိုးတိုးတက်လာပါက စီးပွားရေးလုပ်ငန်းများသည် လိုအပ်သည့် ငွေကြေးအရင်းအနှီးများကို ၎င်းဈေးကွက်များထံမှ ရရှိနိုင်သည်သာမက ပြည်သူများအနေဖြင့်လည်း အရင်းအနှီး ဈေးကွက်မှ တစ်ဆင့် အကျိုးအမြတ်များစွာ ရရှိနိုင်မည်ဖြစ်ပါသည်။
အထက်ပါ ဆောင်ရွက်ချက်များမှာ အာဆီယံစီးပွားရေး အသိုက်အဝန်း တည်ထောင်ချိန်တွင် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံ၌လည်း အခြားအဖွဲ့ဝင်နိုင်ငံများနည်းတူ သာမန်စာရင်းလွှဲပြောင်းမှုများ၊ ငွေလုံးငွေရင်း စာရင်းလွဲှပြောင်းမှုများအား တန်းတူရည်တူလိုက်ပါနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ကြိုးပမ်းဆောင်ရွက်နေမှုများဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
သုတေသီတစ်ဦး