မြန်မာနိုင်ငံအရင်းအနှီးဈေးကွက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာအကူအညီပေးရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် ဂျပန်နိုင်ငံမှ ဒိုင်ဝါသုတေသနအဖွဲ့၊ တိုကျိုစတော့အိတ်ချိန်းတို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးပွဲအခမ်းအနားကို ၂၉-၅-၂ဝ၁၂ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမရာဟိုတယ်၌ ကျင်းပသည်။
အဆိုပါ အခမ်းအနားသို့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဦးလှထွန်း တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံ၏ အရင်း အနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒိုင်ဝါအဖွဲ့နှင့် မြန်မာနိုင်ငံတို့ လက်တွဲဆောင်ရွက်ခဲ့သည်မှာ ကာလကြာ ရှည်ပြီဖြစ်ကြောင်း၊ သာဓကအနေဖြင့် ၁၉၉၆ ခုနှစ်တွင် ဖက်စပ် တည်ထောင်ခဲ့သည့် မြန်မာ့ငွေချေးသက်သေခံ လက်မှတ်များလဲလှယ်ရောင်းဝယ်ရေးကုမ္ပဏီ တည်ထောင်ခဲ့သည်ကို တွေ့နိုင်ကြောင်း၊ တိုကျိုစတော့အိတ်ချိန်း အနေ ဖြင့်လည်း မြန်မာကိုယ်စားလှယ်အဖွဲ့များအား ဂျပန်နိုင်ငံသို့ ဖိတ်ခေါ်၍ နည်းပညာအကူအညီအဖြစ် သင်တန်းများ ပေး ခဲ့ပါကြောင်း၊ ယနေ့ MoU လက်မှတ်ရေးထိုးနိုင်ခြင်းသည် မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်အတွက် ခိုင်မာသော ခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက် ဖွံ့ဖြိုး တိုးတက်ရေးကော်မတီနှင့် ဆပ်ကော်မတီများအား ၂ဝဝ၈ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့ပြီး လမ်းပြမြေပုံရေးဆွဲ ဆောင်ရွက် လျက်ရှိပါကြောင်း၊ လမ်းပြမြေပုံအရ ၂ဝ၁၅ ခုနှစ်၌ စတော့အိတ်ချိန်း တည်ထောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း၊ တိုကျိုစတော့အိတ်ချိန်းမှ President, Mr. Atsushi Saito နှင့် ဒိုင်ဝါသုတေသနအဖွဲ့မှ President, Mr. Takashi Fukai တို့က မိန့်ခွန်းပြောကြားကြသည်။
ထို့နောက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ တိုကျိုစတော့အိတ်ချိန်းမှ President နှင့် ဒိုင်ဝါသုတေသနအဖွဲ့ မှ President တို့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးကာ အပြန်အလှန်လဲလှယ်ကြသည်။
အဆိုပါအခမ်းအနားသို့မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ဌာနကြီးမှူးများနှင့် တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံတိုကျိုစတော့အိတ်ချိန်းနှင့် ဒိုင်ဝါသုတေသနအဖွဲ့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အရင်းအနှီးဈေးကွက်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီနှင့် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။