ဘဏ်မဟုတ်သော ကုမ္ပဏီ၊ အဖွဲ့အစည်းများကို နိုင်ငံခြားငွေများ ရောင်း ဝယ် လဲလှယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခွင့်ပြုခြင်း
၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၁၉၉၀ ပြည့်နှစ်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၈၃ နှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၃၂ ပါ စီမံခန့်ခွဲပိုင်ခွင့်များကို ကျင့်သုံးလျှက် ဘဏ်မဟုတ်သော ကုမ္ပဏီ၊ အဖွဲ့ အစည်းများအား နိုင်ငံခြားငွေများကို ပြည်တွင်းသုံး ကျပ်ငွေဖြင့် ဝယ်ယူခြင်းနှင့် ရောင်းချခြင်းတို့ကို ဆောင်ရွက်နိုင်ရန် အလို့ငှာ နိုင်ငံခြားငွေများ ဝယ်ယူ ရောင်းချ လဲလှယ်ပေးခွင့်လိုင်စင် (Money Changer Licence-M.C)များကို ခွင့်ပြု ထုတ်ပေးပြီး လုပ်ကိုင်ခွင့်ပြုမည် ဖြစ်ပါသည်။
၂။ လိုင်စင် လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည် ဖြစ်ပါသည် -
(က) မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေအရ ဖွဲ့စည်း တည်ထောင်ထားသည့် ကုမ္ပဏီဖြစ်ရမည်။
(ခ) အောက်ပါအချက်များ အဓိကပါဝင်သည့် လုပ်ငန်းစီမံချက်အား တင်ပြရမည်-
(၁) နိုင်ငံခြားငွေများ ရောင်းဝယ်မှုလုပ်ငန်းအတွက် ဈေးကွက်ရှိကြောင်း၊
(၂) သက်ဆိုင်ရာ ပြည်သူများ၊ ဖောက်သည်များလည်း စိတ်ဝင်စားမှုရှိကြောင်း၊
(၃) ရင်းနှီးမြှုပ်နှံမည့် ငွေကြေးအရင်းအမြစ်နှင့် ယင်းတို့ကို မည်သို့ရရှိမည်ဖြစ်ကြောင်း၊
(၄) မျှော်မှန်းထားသည့် အကျိုးအမြတ်၊
(၅) နိုင်ငံခြားငွေများ ရောင်းဝယ်မှုလုပ်ငန်းအတွက် စီမံခန့်ခွဲမည့်ပုဂ္ဂိုလ်၏ အရည်အချင်းနှင့် ကျွမ်းကျင်မှု၊
(ဂ) နိုင်ငံခြားငွေများ ရောင်းဝယ်ခြင်း လုပ်ငန်းကို နည်းလမ်းတကျ ဆောင်ရွက်နိုင်စေရန် ငွေရေး ကြေးရေးအဖွဲ့အစည်းများကဲ့သို့ အောက်ပါတို့ကို စီစဉ် ဆောင်ရွက်ထားရှိရမည်-
(၁) စာရင်းထားသိုပုံစနစ်၊
(၂) အသုံးပြုမည့် ငွေကြေးများနှင့် နောက်ခံအကြောင်းအချက်များ၊
(၃) နိုင်ငံခြားငွေများ ရောင်းခြင်း/ဝယ်ခြင်းအပေါ် နောက်ခံအကြောင်းအချက်များ၊
(၄) သတင်းအချက်အလက်များ စုဆောင်းရယူပုံစနစ်၊
(၅) နိုင်ငံခြားငွေများ ရေတွက်ခြင်း၊ စစ်ဆေးခြင်း၊ အတုအစစ်ခွဲခြားခြင်းတို့ အတွက် ပြည့်စုံ လုံလောက်သော အစီအမံများထားရှိခြင်း၊
(ဃ) တရားမဝင်သော နည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေနှင့် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေတို့ကို သိရှိနားလည်၍ ယင်း ဥပဒေများအတိုင်း လိုက်နာ ဆောင်ရွက်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုရမည်။
(င) လူမွဲစာရင်းခံဖူးသူများ၊ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ထောင်ဒဏ် ပြစ်ဒဏ် ချမှတ်ခံရဖူးသူများ လျှောက်ထားခွင့်မပြုပါ။
(စ) သက်တမ်းရှိသည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ဒါရိုက်တာ အဖွဲ့ဝင်များ၏ အမည်စာရင်းများ နှင့် ကိုယ်ရေးရာဇဝင်အကျဉ်းကို တင်ပြရမည်။
၃။ အဆိုပါ လိုင်စင်ရရှိနိုင်ရန် လျှောက်ထားသူများသည် အောက်ပါအတိုင်း မတည်ငွေရင်း ထူထောင် ရမည်ဖြစ်သည် -
(က) ငွေလဲကောင်တာ လုပ်ငန်းတစ်ခု ဆောင်ရွက်ခြင်းအတွက် ကနဦး မတည် ရင်းနှီးငွေ အနည်းဆုံး ကျပ် ၃၀ သန်း ထည့်ဝင်လုပ်ကိုင်ရမည်။ ယင်း မတည် ငွေရင်းကို နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း လိုင်စင် (Authorized Dealer Licence- A.D) ရ ဘဏ်တစ်ခုခုတွင် စာရင်းဖွင့်လှစ် ထည့်သွင်းရမည်။
(ခ) ငွေလဲကောင်တာလုပ်ငန်းများ တစ်ခုထက်မက ဆောင်ရွက်လိုပါက ကောင်တာ တစ်ခုစီ အတွက် မတည်ငွေရင်း ကျပ် ၁၀ သန်းစီ ထပ်မံထည့်ဝင်ရမည်။
၄။ အဆိုပါ လိုင်စင်များအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနတွင် လျှောက် ထားနိုင်ပြီ ဖြစ်ပါသည်။
၅။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်ဘဏ်ခွဲ၊ အမှတ် ၂၆(က)၊ စက်မှု (၁)လမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းနံပါတ် ၀၁-၅၄၃၅၃၂ ၊ ၀၁-၅၅၉၂၇၈ နှင့် ၀၁-၈၆၀၃၇၄၈ တို့သို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေး ကြေညာအပ်ပါသည်။