မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၁-၄-၂ဝ၁၂ ရက်နေ့မှ စတင်ပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းပေါင်းစည်းခြင်းလုပ်ငန်း ၏ ပထမခြေလှမ်းအဖြစ် ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ်ကို စတင်ကျင့်သုံးခဲ့ပြီး ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၇ ဘဏ်ကိုလည်း နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ခွင့်လိုင်စင်များ ထုတ်ပေး ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အတွင်း နိုင်ငံ ခြားသားများ၊ ကမ္ဘာလှည့်ခရီးသည်များ၊ ပြည်တွင်းနေ နိုင်ငံသားများ နိုင်ငံခြားသုံးငွေများ လွယ်ကူအဆင်ပြေစွာ စနစ်တကျ လဲလှယ်သုံးစွဲနိုင်စေရန် ဘဏ်များ၊ လေဆိပ်များ၊ ဟိုတယ်များ၊ ဈေးဝယ်စင်တာများနှင့် ကမ္ဘာလှည့်ခရီးသည်များ အများဆုံး သွားရောက်နိုင်သည့် နေရာများတွင် နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေး သည့် ကောင်တာများ ဖွင့်လှစ်ပေးခဲ့ရာ ယနေ့အထိ တစ်ပြည်လုံးအတိုင်းအတာအနေဖြင့် Money Changer Counter ၆၂ ခုကို ဖွင့်လှစ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ ထို့ အပြင် ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်နေသည့် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံတွင်ရှိသည့် မိသားစု များထံ ငွေလွှဲပေးပို့မှုများကို အဆင်ပြေစွာလုပ်ကိုင်နိုင်ရန်အတွက် Money Changer Licence ရ ပြည်တွင်းပုဂ္ဂလိကဘဏ် လေးခုကို စင်ကာပူ၊ ထိုင်း၊ မလေးရှားနိုင်ငံများတွင် ငွေလွှဲလုပ်ငန်းများဆောင်ရွက်ရန် ခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်းဖြင့် ဘဏ်များကြီးကြပ်ရေးကော်မတီနာယက ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက ဇွန်လ ၄ရက် နေ့ နံနက်ပိုင်းတွင် ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည့် ဘဏ်များကြီးကြပ်ရေးကော်မတီက ကြီးမှူး ဖွင့်လှစ်သော မြန်မာနိုင်ငံဘဏ်သင်တန်းကျောင်း(နေပြည်တော်)၏ အထွေထွေဘဏ်လုပ်ငန်းသင်တန်း အမှတ်စဉ်(၃) သင်တန်းဖွင့်ပွဲအခမ်းအနား၌ ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဘဏ်လုပ်ငန်းဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင် စေရန် ယခုကဲ့သို့သော သင်တန်းများ ဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်းနှင့်ငွေရေးကြေးရေးကဏ္ဍဆိုင်ရာ ဘာသာရပ်များ၊ ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများကို လေ့ကျင့်သင်ကြားပေးနေခြင်း ဖြစ်ကြောင်း။
ဘဏ်လုပ်ငန်းဆိုင်ရာ တိုးတက်မှုများအနေဖြင့် (၁-၁၁-၂ဝ၁၁)ရက်နေ့ကစပြီး ပုဂ္ဂလိကဘဏ် ခြောက်ဘဏ်မှ အလိုအလျောက်ငွေထုတ်စက်များဖြင့် ငွေထုတ်ပေးမှုဆိုင်ရာ ဝန်ဆောင်မှုများပေးနိုင်စေရန် ဆောင်ရွက်ပေးခဲ့ကြောင်း၊ Myanmar Payment Union ကို တည်ထောင်ပြီး ပထမအဆင့်တွင် Intra Bank Network တည်ထောင်ခြင်း၊ ဒုတိယ အဆင့်တွင် Inter Bank Network တည်ထောင်ခြင်းနှင့် တတိယအဆင့်တွင် International Linkage လုပ်ဆောင်ခြင်းတို့ ကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် ၂ဝ၁၂ ခုနှစ် ဇွန်လမှ စတင်၍ Debit Card များကို သုံးစွဲနိုင်စေ ရန် အတွက်လည်း လိုအပ်သည့်လုပ်ငန်းစဉ်များကို ဆောင်ရွက်ပေးနေကြောင်း။
ဘဏ်လုပ်ငန်းများကို နိုင်ငံခြားဘဏ်များနှင့် ယှဉ်ပြိုင်လုပ်ကိုင်နိုင်စေရန် သင်တန်းသား သင်တန်းသူများအနေဖြင့် ခေတ်နှင့်လျော်ညီသည့် ဘဏ်လုပ်ငန်းဆိုင်ရာ အသိပညာဗဟုသုတများရှိစေရန် အထူးလိုအပ်ကြောင်း၊ သင်တန်းသားများ အနေဖြင့် ယခုသင်တန်းတွင် ပို့ချပေးမည့် ဘာသာရပ်များမှာ လက်တွေ့လုပ်ငန်းခွင်တွင် များစွာအသုံးဝင်သည့်အတွက် ကြိုးပမ်းသင်ယူကြရမည်ဖြစ်ကြောင်း၊ အချိန်နှင့်အမျှ ပြောင်းလဲတိုးတက်နေသော နိုင်ငံတကာ ဘဏ်လုပ်ငန်းဆိုင်ရာများကို မျက်ခြည်မပြတ် လေ့လာဆည်းပူးရင်း နိုင်ငံတကာနှင့် အာဆီယံနိုင်ငံများ၏ ဘဏ်လုပ်ထုံးလုပ်နည်းများနှင့် လိုက်လျော ညီထွေဆောင်ရွက်သွားရေး ဦးတည်ကြိုးပမ်းကြရန်ဖြစ်ကြောင်းဖြင့် အကျယ်တဝင့် ပြောကြားသည်။
ယခုဖွင့်လှစ်သည့် သင်တန်းတွင် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကဘဏ်များမှ သင်တန်းသား သင်တန်းသူ ၄ဝ ဦးတို့ သည် ဘဏ်လုပ်ငန်းဆိုင်ရာ ပညာဗဟုသုတများ၊ ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ စသည်တို့ကို ရက်သတ္တ ၁၂ ပတ်ကြာ လေ့လာသင်ယူကြမည်ဖြစ်သည်။