၁။ ၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ် အက်ဥပဒေဖြင့် (၃-၄-၄၈)ရက်နေ့တွင် ဗဟိုဘဏ် အဖြစ်တည်ထောင်ခဲ့သော ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်သည် အိန္ဒိယနိုင်ငံ ရီဇက်ဘဏ်၏ ရန်ကုန်ဘဏ်ခွဲ လုပ်ငန်းများကိုလွှဲပြောင်းယူခဲ့ပါသည်။ သို့ရာတွင် ၁၉၅၂ ခုနှစ်၊ ဇူလိုင်လ (၁)ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဘဏ်အက်ဥပဒေကို ပြဌာန်းကာ ထိုဥပဒေအရ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်တည်ထောင်သောအခါ မြန်မာနိုင်ငံ တွင် ငွေစက္ကူထုတ်ဝေရန် ၁၉၄၆ ခုနှစ် ငွေကြေးအက်ဥပဒေအရ ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံငွေကြေးဘုတ်အဖွဲ့ကို ဖျက်သိမ်းပြီးနောက်တွင်မှ ဗဟိုဘဏ်လုပ်ငန်းကို အပြည့်အဝဆောင်ရွက်လာနိုင်ခဲ့ပြီး၊ ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင် ဘဏ်စတင်ဖွင့်လှစ်၍ လုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။
၂။ ၁၉၅၂ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ဘဏ်အက်ဥပဒေအရ ပြည်ထောင်စုဘဏ်၏ ခွင့်ပြုမတည် ငွေရင်းအား ကျပ်သန်း (၄ဝ)ထားရှိပြီး၊ ငွေကျပ် (၁ဝ)သန်းကို ပြည်ထောင်စုအစိုးရမှ ထည့်ဝင်ခဲ့ပါသည်။ ၁၉၆၇ ခုနှစ် တွင် ပြည်သူ့ဘဏ်ဥပဒေပြဌာန်းပြီး၊ တစ်ခုတည်းသော ပြည်ထောင်စုမြန်မာနိုင်ငံပြည်သူ့ဘဏ်ကို နိုင်ငံတော်က အပြည့်အဝထည့်ဝင်သော မူလမတည်ရင်းနှီးငွေကျပ် (၂ဝဝ)သန်းဖြင့် တည်ထောင်ခဲ့ပါသည်။
၃။ မြန်မာနိုင်ငံတွင် ဆိုရှယ်လစ်စနစ်ကျင့်သုံးလာသည့် ၁၉၆၂ ခုနှစ်နောက်ပိုင်း၌ ဘဏ်များကို ပြည်သူပိုင် သိမ်းခဲ့ပြီး ၁၉၆၇ခုနှစ်၊ ဧပြီလ(၂၇)ရက်နေ့တွင် ပြည်ထောင်စုမြန်မာနိုင်ငံ ပြည်သူ့ဘဏ်အက်ဥပဒေအရ ဘဏ်များအား စုပေါင်း၍ တစ်ခုတည်းသော ပြည်ထောင်စုမြန်မာနိုင်ငံပြည်သူ့ဘဏ်ကို ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၂ ခုနှစ်တွင် နိုင်ငံတော် အုပ်ချုပ်ရေးစနစ်ပြုပြင်ခဲ့ပြီး၊ ၁၉၇၅ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့တွင် ပြည့်သူ့လွှတ်တော်က ဘဏ်ဥပဒေကို ပြဌာန်းကာ၊ ပြည်သူ့ဘဏ်ကို ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်၊ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် နှင့် မြန်မာ့စိုက်ပျိုးရေးဘဏ်ဟူသော နိုင်ငံပိုင်ဘဏ်(၄)ဘဏ်အဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၇၅ခုနှစ် ဘဏ်ဥပဒေ အရ ပြည်ထောင်စုမြန်မာနိုင်ငံဘဏ်၏ မူလမတည်ငွေရင်းသည် ကျပ်သန်း (၂ဝဝ)ဖြစ်ပြီး ယင်းငွေကို နိုင်ငံတော်က အပြည့်အဝထည့်ဝင်ခဲ့ပါသည်။
၄။ ၁၉၈၈ ခုနှစ်မှစ၍ မြန်မာ့စီးပွားရေးစနစ်ကို စီမံကိန်းစီးပွားရေးစနစ်မှ ဈေးကွက်စီးပွားရေးစနစ်သို့ ပြောင်းလဲခဲ့ကာ ဈေးကွက်စီးပွားရေးမူဝါဒများနှင့်အတူ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်က ချမှတ် ကျင့်သုံးနေသော ဈေးကွက်စီးပွားရေးနှင့်ကိုက်ညီသည့် ငွေရေးကြေးရေးစနစ် ဖွံ့ဖြိုးတိုးတက်ရန်နှင့် ငွေရေးကြေးရေး လုပ်ငန်း စွမ်းဆောင်မှုအရည်အသွေးမြင့်မားလာစေရန် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေကို ၁၉၉ဝ ပြည့်နှစ်၊ ဇူလိုင်လ (၂) ရက်နေ့တွင် ပြဌာန်းခဲ့ပါသည်။ ထိုဥပဒေအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုမတည်ငွေရင်းကျပ် သန်းပေါင်း (၅ဝဝ)အနက် ကျပ်သန်းပေါင်း (၂ဝဝ)ကို နိုင်ငံတော်ကထည့်ဝင်ခဲ့ပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ၂၀၁၂ ခုနှစ် ဥပဒေ(မူကြမ်း) (ပြည်သူ့လွှတ်တော်သို့ တင်ပြထားဆဲဥပဒေ) အရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုမတည်ငွေရင်း သည် ကျပ်သန်းပေါင်း သုံးသိန်းဖြစ်သည်။ အဆိုပါ မတည်ငွေရင်းအနက် ငွေကျပ်သန်းပေါင်းတစ်သိန်းကို နိုင်ငံတော်မှ ထည့်ဝင်ရမည်ဖြစ်ပါသည်။
၅။ ဗဟိုဘဏ်၏ အဓိကရည်မှန်းချက်မှာ ဈေးနှုန်းများတည်ငြိမ်ရေးကို ထိန်းသိမ်းရန်နှင့် မြန်မာကျပ်ငွေတန်ဖိုး ခိုင်ခံ့တည်မြဲစေရန်ဖြစ်သည်။ ဗဟိုဘဏ်သည် မိမိရည်မှန်းချက်များ ပေါက်မြောက်အောင်ဆောင်ရွက်ရာတွင်